#Local_News
Published 26 November 2023

နွေစပါးရာသီ၌လုပ်ကွက်ကြီးလယ်သမားများအား  တစ်ဧက ကျပ်လေးသိန်းဖြင့်တောင်သူတိုက်ရိုက် စိုက်စရိတ်ချေးငွေ ထုတ်ချေးပေးရန်  စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။

 

ထိုသို့ ထုတ်ချေးပေးရာတွင် ကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်နေသူများနှင့် ကုမ္ပဏီများကို ထုတ်ချေးပေးမည် မဟုတ်ဘဲ တောင်သူသီးသန့် ဧက ၅၀ ဝန်းကျင် ဆောင်ရွက်နေသည့် လယ်သမားများထံသို့ တိုက်ရိုက်ထုတ်ချေးမည့်ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

'တောင်သူကို တိုက်ရိုက်‌ပေါ့။ ဒါကိုစမ်းပြီးတော့ ဧကတစ်သိန်းပေါ့။ ဧကတစ်သိန်းဆိုရင် ကျပ်ဘီလျံ ၄၀ လောက် လိုအပ်ချက်ရှိပါတယ်။ ဒါလေးကို စလုပ်ခြင်းဖြစ်ပါတယ်' ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

 

အဆိုပါစီမံကိန်းအားဆောင်ရွက်ရာတွင်  ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ လယ်ဧက ၅၀ ဝန်းကျင်ရှိ လယ်သမားကြီးများ၏ စာရင်းများရယူထားပြီး ဧကတစ်သိန်းအတွက် ကနဦးစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

'တစ်ဧကကို ၄၀၀,၀၀ လောက် ပေးလိုက်တာဖြစ်တဲ့အတွက် တစ်ဧက အထွက်နှုန်းတိုးအောင် လိုအပ်တဲ့ သဘာဝမြေဩဇာတို့၊ ဓာတ်မြေဩဇာတို့ မျှတစွာသုံးနိုင်မယ်။ ကောင်းတဲ့မျိုးတွေသုံးနိုင်မယ်။ ထွက်လာတဲ့ သီးနှံကိုပဲ သူနဲ့နီးတဲ့ စက်ပိုင်၊ ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းနိုင်အောင်လုပ်နေပါတယ်'ဟု ဦးရဲမင်းအောင်ကဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆန်စပါးအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် အလုပ်သမား ရှားပါးမှုပြသနာများကြောင့် လုပ်ကွက်ငယ် တောင်သူများအနေဖြင့် စက်မှုလယ်ယာဘက်သို့ ကူးပြောင်းရာတွင် အနည်းအငယ် အခက်အခဲရှိနေသေးခြင်းကြောင့် စက်မှုလယ်ယာသို့ ကူးပြောင်းရန် အခွင့်အလမ်းရှိသည့် ဧက ၅၀ ဝန်းကျင်ရှိ တောင်သူ လယ်သမားများကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် မိုးစပါး၊နွေစပါးဧက ၁၇ သန်းကျော်ရှိပြီး နှစ်စဉ်ဆန်တန်ချိန် ၁၄ သန်းအထိ ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် ၁၁ သန်းဝန်းကျင်ရှိ၍ ပြည်ပသို့ နှစ်စဉ် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင်ကိုသာ တင်ပို့နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

 

#Local_News #တစ်ဧကကျပ်လေးသိန်း #စိုက်စရိတ်ချေးငွေ ထုတ်ချေးပေး
#YMG/NN #Yangon_Times