#Local_News
Published_ 23 November 2023


လိုင်စင်မရှိဘဲ တရားမဝင်ဂြိုဟ်တုဖုန်းအပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးသုံးပစ္စည်းများသုံးခြင်းနှင့် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုပေးနေသူများ၊ သုံးစွဲသူများ၊ လက်ဝယ်ထားရှိသူများကို ဆက်သွယ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများကို တရားမဝင်ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့်လည်း တရားမဝင်ရယူသုံးစွဲလျက်ရှိကြောင်း သတင်းအချက်အလက်များအရ သိရသည်ဟု ဆိုသည်။

 

ဆက်သွယ်ရေး ဥပဒေပုဒ်မ(၅)နှင့်လှိုင်းနှုန်းစဉ်ရာဆိုင်နည်းဥပဒေ(၅၂/ဂ)တွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်ဌာနအဖွဲ့အစည်းများသည် ဆက်သွယ်ရေးလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လိုသည့်အခါနှင့် နိုင်ငံတကာဂြိုဟ်တု အော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူ (End User) များသို့ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလိုသည့်အခါ လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-ဂြိုဟ်တုဖုန်း)၊ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ၊ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-MF/HF/VHF/UHFလှိုင်းနှုန်း သုံးဆက်သွယ်ရေး ပစ္စည်းများ)ကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရှိရန်လိုအပ်သည်ဟုဖော်ပြထားသည်။

 

သို့ဖြစ်၍ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့်တရားမဝင်ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊တပ်ဆင်အသုံးပြုခြင်း၊လက်ဝယ်ထားရှိခြင်းနှင့်အသုံးပြုခြင်းများမပြုလုပ်ရန် တားမြစ်ထားကြောင်းနှင့် တားမြစ်ချက်ကိုဖောက်ဖျက်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

 

#Local_News #လိုင်စင်မရှိဘဲဂြိုဟ်တုဖုန်းသုံးသူ #ဥပဒေအရအရေးမည် #tthl #Yangon_Times