#Local_News
Published 22 November 2023

တောင်ငူခရိုင်အတွင်းရှိ တိုက်ပွဲရှောင်၈၀၀ ကျော် ‌စားနပ်ရိက္ခာလိုအပ်နေကြောင်း ပရဟိတလူမှုကူညီရေးအသင်းများမှ သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်ငူမြို့အရှေ့ဘက်ကမ်း လေးမိုင်အထက်ရှိ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူများမှာ တောင်ငူမြို့ရှိ မြတ်စောညီနောင်စေတီ၏ နောင်တော်စေတီဝန်း၊ ညီတော်စေတီဝန်း၊ ကုသိနာရုံစေတီဝန်း၊ ရွှေမင်းဝံရိပ်သာ၊ရွှေဘုံသာ၊ ငါးထပ်ကြီးဘုရားဝန်းတို့တွင်လက်ရှိအချိန်အထိ ခိုလှုံနေကြရကြောင်း ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်း၏ ဦးဆောင်နာယကဆရာတော်က မိန့်ကြားသည်။

 

'ဒါကဒီသုံး‌လေးငါးရက်အတွင်းမှာဖြစ်တဲ့ နေရာတွေက စစ်ဘေးရှောင်တွေပါ၊ ၈၀၀ကျော်လောက်ရှိတာပေါ့၊ နေရာတွေခွဲပြီးချထားပေးတယ်၊ လိုအပ်တာတော့အစုံပဲ၊ အစားအသောက်ကအရေးကြီးဆုံးပါ၊ အစားအစာ၊ ရေသန့်တို့ပေါ့၊ ဉီးဇင်းတို့ဆိုထမင်းဟင်းချက်ပြီး မြတ်‌စောညီနောင် ဘုရားဘက်ကို သွားပို့တာခုနှစ်နပ်ရှိပြီ'ဟု  ဆရာတော်က ဆက်လက်မိန့်ကြားသည်။

 

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် တောင်ငူမြို့အရှေ့ဘက်ကမ်းလေးမိုင်အထက်ရှိ တောတန်းကုန်းရွာ၊ အာလူးကုန်း၊ နဂါးမောက်၊ သပြေလှ၊ ခြောက်မိုင်၊ ကျောက်ပုထိုးရွာများရှိ ဒေသခံပြည်သူများဖြစ်ကြောင်း၊ ယင်းတိုက်ပွဲရှောင်များအား နီးစပ်ရာစေတီ၊ ဘုန်းကြီးကျောင်းများတွင် နေရာချပေးထားပြီး သက်ကြီးနာမကျန်းသူများ၊ မသန်စွမ်းအချို့ပါရှိသောကြောင့် လိုအပ်သည့်  အစားအသောက်ဆေးဝါးများကို  ဒေသတွင်းရှိ ပရဟိတအသင်းများနှင့် ချိတ်ဆက်လှူဒါန်းကူညီမှုများပြုလုပ်ပေးနေကြောင်း၊ တိုက်ပွဲရှောင်များအနေဖြင့် စားသောက်ရေး၊ အဝတ်အစား၊  ဆေးဝါးလိုအပ်ချက်များလည်းရှိနေကြောင်း သိရသည်။

 

'ဒါကတော့ ခုလက်ရှိရောက်လာတဲ့တိုက်ပွဲရှောင်တွေပါ၊ ဦးဇင်းတို့ဆီမှာရောက်နေတဲ့တိုက်ပွဲရှောင်တွေကတော့တစ်နှစ်နီးပါးရှိပြီ၊ မပြန်ရသေးဘူး'ဟု ဆရာတော်က ဆိုသည်။

 

တောင်ငူခရိုင်အတွင်း၌ ပြီးခဲ့သည့်တစ်နှစ်နီးပါးက ဖြစ်ပွားခဲ့သည့် ထိ‌တွေ့တိုက်ပွဲများကြောင့် ကနဦးတိုက်ပွဲရှောင်ဦးရေ ငါးထောင်ကျော်‌ခြောက်ထောင်နီးပါးဆက်လက်ရှိနေကြောင်း သိရသည်။

 

အဆိုပါကနဦးတိုက်ပွဲရှောင်များမှာလည်း လက်ရှိအချိန်အထိ ရွှေမင်းဝံ ၌ ၁၅၀ဦး၊ ကြာနီကန်၌၄၀၀ဦး၊ ရှင်ပေါလု၌၁၆၀၀ ဦးနှင့် အာသောကမိဘမဲ့ဂေဟာများ အပါအဝင် စုစုပေါင်းဦးရေ ၆၀၀၀ခန့်ရှိကာ ၄င်းတို့အတွက်လည်းလိုအပ်ချက်များရှိနေကြောင်း သိရသည်။

 

#Local_News #တောင်ငူခရိုင် #စားနပ်ရိက္ခာလိုအပ်နေ #YMG/ NN #Yangon_Times