Published 16 November 2023

ရခိုင်ဒေသရှိ လက်ရှိအခြေအနေများကြောင့် ကမ်းခြေဒေသများအတွက် တန်ဆောင်တိုင်ပိတ်ရက် ဟိုတယ်ဘိုကင်များ ပယ်ဖျက်လာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ယခုလအတွင်း ကျရောက်မည့် တန်ဆောင်တိုင်အားလပ်ရက်အတွက် ငပလီအပါအဝင်ကမ်း‌ခြေ‌များရှိ ဟိုတယ်ဘိုကင်ကြိုတင်ယူမှု များပြားခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ အခြေအနေများကြောင့် ငပလီဟိုတယ် ကြိုတင်ဘိုကင်များအား ဖျက်သိမ်းလာကြခြင်း ဖြစ်ကြောင်းသိရသည်။

'ငပလီဘက်တွေမှာ တော်တော်များများ cancel လုပ်သွားကြတယ်။ ဒီရက်ထဲမှာတော့ cancel လုပ်တာလေးတွေ တော်တော်များများ တွေ့နေရတယ်၊ ဒီလိုပိတ်ရက်တွေဆိုရင် ကမ်းခြေဒေသတွေကို သွားလေ့ရှိတယ်၊ ပုံမှန်ဆိုဒီအချိန်ကကမ်းခြေမှာ ခရီးသွားလုပ်ငန်းမှာ အမြင့်ဆုံးအချိန်လို့ ပြောလို့ရပါတယ် ၊ အခု လောလောဆယ်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေးအခြေအနေတွေအရ လျော့ဖို့ရှိလာတယ်' ဟု ၄ကဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA)တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် ကုန်းလမ်းများအား ပိတ်ဆို့ထားမှုကြောင့် ငပလီ ကမ်းခြေဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားများမှာ ပိတ်မိနေခဲ့ကြပြီးယခုလ၂၃ရက်အထိသံတွဲ_ရန်ကုန် လေယာဉ်လက်မှတ်လည်းပြည့်နေပြီဖြစ်ကြောင်းဒေသခံများထံမှသိရသည်။

' ငပလီဆောင်ဦးပွဲတော်လည်းဒီရက်ထဲရှိတာလုပ်ဖြစ်လား၊မဖြစ်လားမသိဘူး၊လုပ်ဖြစ်ရင်
၁၀ရက်လောက်လုပ်မှာ၊ငပလီတစ်ခုထဲမဟုတ်ဘူးနော်သိသလောက်ကငါးနေရာ၊ဖြစ်မဖြစ်တော့အခုအခြေအနေတွေကြောင့်မသိတော့ဘူး ' ဟု သံတွဲမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်၌' ဆောင်းဦးပွဲတော် 'ကို ငပလီကမ်းခြေအပါအဝင် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၊ စစ်တွေကမ်းခြေ၊ ကျောက်ဖြူကမ်းခြေနှင့်မာန်အောင်ကျွန်းတို့၌နိုဝင်ဘာလ၁၈ ရက်မှစတင်၍ပြုလုပ်သွားမည်ဖြစ်ကြောင်း ကနဦးကြေညာချက်အရသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group