Published 15 November 2023

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်(Depression) ၏အရှိန်ကြောင့်စစ်ကိုင်း၊မန္တလေး၊မကွေး၊ချင်း၊ရခိုင်တွင်မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ(၁၇)မှ (၁၈)အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင် သည်ဟုဆိုသည်။

ယင်းရက်များတွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊
 မိုးသက်လေပြင်းများကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်ရှိနိုင်ကြောင်း သိရသည်။

 သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ် ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group