Published 14 November 2023

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်မှ သမိုင်းဝင်မန်းရွှေစက်တော်ဘုရားကြီး တွင် လာမည့် ပွဲတော် ရာသီ အမီ ဘုရားဖူး ပြည်သူများ အတွက် တိုးချဲ့ ပြင်ဆင် မှုတွေ ပြုလုပ်နေကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားဝန်းအတွင်း ရှိ ကိုးခန်းကြီး၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ အထက်စက်တော်ရာအတက် စောင်းတန်းနှင့် မုခ်ဦး၊ အောက်စက်တော်ရာရင်ပြင်နှင့် နဂါးရေအိုင်များ ပြင်ဆင်၍ တိုင်လုံးများနှင့် ဘုံခုနစ်ဆင့်မှ ပန်းချီ၊ ပန်းပု၊ ဗိသုကာလက်ရာများကို ရှေးမူလက်ရာအတိုင်း အဆင့်မြှင့်တင်ပြင်ဆင်ခြင်းများနှင့် ဘုရားအဝင် သုံးမိုင်လမ်းတွင် တံတားနှစ်စင်း တိုးချဲ့ဆောက်လုပ်ခြင်း၊ အရိပ်ရသစ်ပင်စိုက်ပျိုးခြင်းနှင့် Flower Box များ ထားရှိခြင်းများကို ဘုရားပွဲတော်ရာသီအမီ တိုးချဲ့ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အဆင့်မြှင့်တင်ထားရှိခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးဧည့်သည်များ မျက်စိပသာဒ အေးချမ်းစွာဖြင့် ကြည်ညိုသဒ္ဓါပွားနိုင်ခြင်း၊ ကြယ်လိပ်နှင့် ရွှေသမင်များ ကြည့်ရှုလေ့လာနိုင်ခြင်း၊ ဆင်စခန်းမှ ဆင်များစီး၍ အပန်းဖြေခြင်းများအပြင် မန်းချောင်းအတွင်းမှ အပျော်စီးလှေများစီး၍ စိတ်အေးချမ်းပျော်ရွှင်စွာ တည်းကျောင်းများတွင် တည်းခိုကာ အထက် စက်တော်ရာနှင့်အောက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဖူးမြော်ကြည်ညိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော် ဘုရား ပွဲတော်ကို တပို့တွဲလ ဆန်း ၅ရက်မှ မြန်မာ့နှစ်ဆန်း ၁ရက် နေ့ အထိ ကျင်းပ ပြီး ပြီးခဲ့သည့် နှစ်ပွဲတော်ကာလ က ဘုရားဖူးဧည့်သည် ၄၈၈၇၇၃ ဦးအထိ ဝင်ရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group