#Local_News
Published 13 November 2023


ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် ပြီးခဲ့ သည့် နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်တို့တွင်စက်သုံးဆီတင် ဘင်္ဘော ၄စီးဆိုက်ကပ်ခဲ့ပြီး မကြာမီမှာလည်း စက်သုံးဆီတင်သင်္ဘော ၁၅ စီး ထပ်မံ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်က ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ အနက် အချို့ဆိုင်များတွင် ဓါတ်ဆီ 92 RON သည်နေ့စဉ်ပုံမှန် ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့တာကြောင့် ပြည်တွင်းစက်သုံးဆီသိုလှောင်ထား သည့် Terminal (၃) မှအရောင်းဆိုင်များ အားလုံးသို့ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျင်မမှီဖြစ်ခဲ့ခြင်းကြောင့် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ညတွင်းချင်းပင် Urgend စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

 

ပြည်တွင်း စက်သုံးဆီ လုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင် အများသုံးဓါတ်ဆီဖြစ်သော 92 RON ဂါလံ ၁၃ သန်းကျော် 95 ဂါလံ၃သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉သန်းကျော်နှင့် ပရီမီယာ ဒီဇယ်သန်း၂၀ ကျော် ကျန်ရှိကြောင်း သိရကာ ပြတ်လပ်မှုမရှိစေရေး အချိန်မီဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီများ ဖူလုံစွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းတွင် မည်သည့်စက်သုံးဆီ အမျိုးအစားမဆို အရန်တစ်လစာ ကျန်ရှိအောင် အမြဲ ဆောင်ရွက်လျက်ရှိပြီး ယခုကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားများနှင့် အများပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#Local_News #ပြည်တွင်းစက်သုံးဆီ #ဘင်္ဘော ၁၅ စီးထပ်မံရောက်ရှိ #YMG/LW #Yangon_Times