#Local_News
Published_ 07 November 2023


ကချင်ပြည်နယ်ရှိ ရေခဲပြင်ရွာရှိန်းခေါင်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ  (၆၃)အိမ်ပြာကျခဲ့ကြောင်းနှင့် တရုတ်နယ်စပ်ဘက်ဖြစ်၍ ကုန်သွယ်ရန်ကုန်စည်သိုလှောင်ထားသူများ သိန်းရာချီစီဆုံးရှုံးခဲ့ကြောင်း  နေအိမ်မီးလောင်ကျွမ်းခံရသည့် ကချင်ဒေသခံတစ်ဦးထံမှ သိရသည်။

 

အေးသည့် ဒေသဖြစ်သောကြောင့် တစ်အိမ်နှင့်တစ်အိမ်ကပ်ဆောက်ထားသဖြင့် မီးငြိမ်းသတ်လို့လည်းမရဘဲ အိမ်ခြေ(၂၀၀)ကျော်တွင် အိမ်ခြေ (၆၃)အိမ်မီးလောင်ပြာကျခဲ့ရသည်။

 

"ရေခဲပြင်ရွာရှိန်းခေါင်မီးလောင်တယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့က နိုဝင်ဘာ ၆ ရက်ညကစလောင်တာ ဒီမနက်နိုဝင်ဘာ ၇ ရက်ထိပါ။ ရှိန်းခေါင်ကျေးရွာမှာအိမ်ခြေ(၃၀၀)ကျော်ရှိခဲ့ပြီးလက်ရှိနေထိုင်တဲ့ အိမ်ခြေ(၂၀၀)ကျော်မှာ အိမ်ခြေ (၆၃) မီးလောင်ပြာကျခဲ့ရပါတယ်။ ကျွန်တော်ရဲ့ ဟင်းခတ်အမွှေးအကြိုင်ကုန်လှောင်ထားတဲ့ အိမ်လည်းပါသွားတယ်။ ကုန်တန်ဖိုးချည်းပဲသိန်း(၂၀၀)ကျော် အကုန်ပါသွားတယ်။ တစ်ရွာလုံးကလည်း စီးပွားရေးလုပ်နေတာ တရုတ်နဲ့ကုန်သွယ်ဖို့ ကုန်ပစ္စည်း‌ေတွ သိုလှောင်ထားကြတာဆိုတော့ တစ်ဦးကိုမပါဘူးဆိုရင်အနည်းဆုံးကျပ်သိန်း၂၀၀ဖိုး လောက်စီပါသွားတယ်"ဟု ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်နေသည့် ရှိန်းခေါင်ဒေသခံက YMG ကို ပြောသည်။

 

လျှပ်စစ်မီးမရှိသေးသည့် ရှိန်းခေါင်ရွာလေး၊ ရေခဲသမျှအေး‌ခဲနေသည့်ရာသီဥတုရှိသည့် ရွာလေးတွင် အိမ်ခြေ ၆၃ အိမ်ထိ မီးလောင်သွားရသည့် အကြောင်းရင်းကိုတော့ ယနေ့ချိန်ထိမသိရသေးကြောင်းနှင့်နွမ်းပါးသည့်‌ကျေးရွာနေပြည်သူများအတွက်လည်း အကူအညီများ လိုအပ်နေကြောင်း သိရသည်။

 

#tthl #Yangon_Times