၄ နိုဝင်ဘာ ၂၀၂၃

မြန်မာနှင့်ရုရှား တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင် ရွက်လျက်ရှိမှုအခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့ ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၄ရက် မနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ယင်းအပြင်  နှစ်နိုင်ငံတပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အဆင့် မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု အခြေအနေများ၊ နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပါင်းလေ့ကျင့်ခန်းများ ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာ့တပ်မတော် အရာရှိများ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု အပြန်လှန်ဖလှယ်နိုင်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော် အရာရှိကြီး များတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ရုရှားရေတပ်မှ တပ်မတော် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

-ymg/knl