Published 1 November 2023

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့ အငှားအိမ်ရာအခန်းများအတွက် မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းကိုနိုဝင်ဘာလဆန်း၌ကြေညာပေးသွားမည်ဖြစ်ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပေးကြေညာချက်အရ သိရသည် ။

အဆိုပါ အငှားအိမ်ရာအိမ်ခန်းများအတွက် လျှောက်လွှာတင်ထားသူများအနက် အခန်းငှားရမ်းခွင့်အတွက် စီစစ်ပြီးသော မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းနှင့် မဲနှိုက်ရမည့် ရက်များကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှ ၁၂ ရက်အထိ အသိပေးကြညာပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မဲနှိုက်ရမည့်စာရင်းတွင် ပါဝင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ယူဆောင်၍ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် သတ်မှတ်ထားသည့် တိုက်များအလိုက် သတ်မှတ်ရက်များတွင် မဲနှိုက်သွားမည်ဖြစ်ကြောင်း၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ ကနဦးကြေချက်များအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာခဲ့ပြီးဖြစ်ရာ ပြန်လည်တင်ပြလာသော လျှောက်လွှာများအနက် အိမ်ရာကြီးကြပ်မှုကော်မတီနှင့် အိမ်ရာနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါ စိစစ်ရွေးချယ်ထားသူများကို တိုက်ခန်းငှားရမ်း ခွင့်ပြုနိုင်ရေးအတွက် တိုက်ခန်းငှားရမ်းခွင့်နှင့် အခန်းနေရာများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published 1 November 2023
#YMG #Yangon_Times #Yangon_Media_Group