#Local_News
Published-28 Oct 2023

တရားဝင်ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပို့သူများကို ကန်ဒေါ်လာနှစ်သိန်းအစား ကန်ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ်လိုက်ပြီး၊ တစ်ဉီးချင်းတင်သွင်းမှုအပြင် ယာဉ်တန်ဖိုးမပြည်မီပါက စုပေါင်းတင်သွင်းရန်လည်းခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါ ကြေညာချက်တွင် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင် အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်းအမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက်လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသောလျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တစ်နှစ်လျှင်တစ်စီးနှုန်းကို အောက်တိုဘာ ၁၆ ရက်နေ့မှစတင်ရေတွက်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထိုသို့လျှပ်စစ်သုံးမော်တော်ယာဉ်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအား တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်သွင်းရန်ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍တင်သွင်းမှုကိုလည်းကောင်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များအသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန်ရည်ရွယ်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများကမိမိတို့ရရှိသည့် လစာငွေသို့မဟုတ်အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ဘဏ်လမ်းကြောင်းမှ တဆင့်ပြန်လည်လွှဲပို့ခြင်းအပေါ်အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Local_News #ကန်ဒေါ်လာနှစ်သိန်းအစား #စုပေါင်းတင်သွင်း #ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ် #Yangon Times