#Local_News
Published -16 October 2023


ငြိမ်းချမ်းရေးတွက် ဆန္ဒကိုရှေ့တန်းမတင်ဘဲ ညှိနှိုင်းအဖြေရှာကြ ရန် တိုင်းရင်းသားခေါင်းဆောင် စောမူတူး စေးဖိုး က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် တောင်းဆိုလိုက်သည်။

 

“ကျွန်တော်တို့ အားလုံးဟာ မိမိတို့အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုပါတယ်”ဟု ယင်းကဆိုသည်။

 

မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရရှိရေး(၂) နှစ်ခန့် အချိန်ယူ ဆွေးနွေးခဲ့ကြရကြောင်း၊နှစ်ဖက်ညှိနှိုင်းဆွေးနွေးဘက်အကြား ရဲရင့်တက်ကြွသောအားမာန်ဖြင့်တွေ့ဆုံ ဆွေး နွေးခြင်းအားဖြင့် အဖြေရှာလိုသည့် အာသီသကိုအခြေခံကြသောကြောင့် NCA ဆိုသည့် သမိုင်းစာမျက်နှာ သစ်တစ်ခု ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ကြောင်း ယင်းကပြောသည်။

 

“ဒါတွေဟာ အလျှော့အတင်း ပြုလိုတဲ့စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်း ဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့သန္နိဋ္ဌာန်၊ ဆွေးနွေးဘက်တစ်ဘက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွတ်မှုနဲ့ယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။

 

လက်ရှိ ကာလမှာလည်း ဒီလိုစိတ်ဓါတ်ဆန္ဒနဲ့ ထပ်မံပြီး ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု စောမူတူး စေးဖိုးက ပြောသည်။

 

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သော တိုင်းပြည်ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာအတူတကွ နေထိုင်နိုင်ရေး အတွက် ရှေးရှုရန်လိုနေကြောင်း၊ ခါးသီးစွာတွေ့ကြုံခံစားလာခဲ့ကြရသော လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် "ငြိမ်းချမ်းရေး" အမွေအနှစ် ကို ချန်ရစ်ထားနိုင်ရန်၊တရားမျှတမှု နှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေခံသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့် လင်း မြင်သာမှုရှိမည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြရန် နှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော် လွှား၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြရန်လည်း ယင်းက ပြောကြားခဲ့သည်။


#Local_News #တိုင်းရင်းသားခေါင်းဆောင် #စောမူတူးစေးဖိုး
#Yangon_Times/PP