#Local_News
Published-15 Oct 2023

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း၌ပြီးခဲ့သည့် ရက်ပိုင်းကရေကျော်ပျက်စီးခဲ့သည့် ရန်ကုန်_မော်လမြိုင်ရထားခရီးစဉ်များအား ယ‌‌နေ့မှစတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။

 

အဆိုပါပြန်လည်ပြေးဆွဲသွားမည့်ရထားမှာ ရန်ကုန်မှမော်လမြိုင်သို့ အောက်တိုဘာ ၁၅ ရက် နံနက် ၆း၃၀ အချိန်အမှတ် ၁ စင်္ကြန်မှ ထွက်ခွာခဲ့ပြီး အမှတ်(၈၂)အစုန် မော်လမြိုင်-ရန်ကုန် ရထားမှာလည်းမော်လမြိုင်ဘူတာမှ နံနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

"ရန်ကုန် - မော်လမြိုင်အမှတ် ၈၁ အဆန် လေအိတ်အမြန်ရထားရန်ကုန် မှ မော်လမြိုင် ကိုဒီမနက်စထွက်ပါတယ်။ မော်လမြိုင်ကလည်းဒီနေ့ပဲထွက်မှာပါ"ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင်လည်း ရေကျော်ခဲ့သဖြင့် ရထားလမ်းပိုင်းနေရာအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

 

ထိုသို့ ရထားလမ်းပိုင်းပျက်စီးမှုကြောင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များအား ပြေးဆွဲမှုယာယီရပ်နားခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ပျက်စီးမှုများအားရေပြန်လည်ကျဆင်းသွားချိန်တွင် မြန်မာ့မီးရထားမှဝန်ထမ်းများကပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြရာ ပြီးစီးသွားပြီဖြစ်၍ ယာယီရပ်နားထားခဲ့သည့် ရန်ကုန်_မော်လမြိုင် ရထားခရီးစဉ်များကို အောက်တိုဘာ ၁၅ ရက်မှစတင်၍ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲရာ၌လိုက်ပါစီးနင်းမည့်သူများအနေဖြင့် အောက်တိုဘာ ၁၅ ရက်အတွက် ရိုးရိုးတန်း/အထက်တန်းလက်မှတ်များကို ရန်ကုန်နှင့်မော်လမြိုင်ဘူတာကြီး၏ ရက်ကြိုလက်မှတ်ရုံတွင် အောက်တိုဘာ ၁၄ ရက်နံနက် ၉ နာရီမှစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်_မော်လမြိုင် #ရထားခရီးစဉ်များပြန်လည်ပြေးဆွဲ #YMG/NN