#Local_News
Published - 15 Oct 2023

တရုတ်ဝယ်လိုအားမရှိချိန် ပြည်တွင်းဈေးကွက်အားထားနေသောကြောင့် ဖရဲဈေးနှုန်းများကျဆင်းနေကြောင်း ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

 

လတ်တလောတွင် ဖရဲစိုက်ပျိုးရာဒေသများမှ ရန်ကုန်အပါအဝင်မြို့ကြီးအချို့သို့တင်ပို့‌နေပြီးရန်ကုန်ဈေးကွက်သို့မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်စသည့်ဒေသများမှ ဖရဲကားများဝင်ရောက်မှုရှိနေကြောင်း သိရသည်။

 

"တရုတ်ဘက်ကထွက်နေတဲ့အချိန်လည်း ဖြစ်တယ်။ နောက်တခါ ဒီနှစ်စိုက်တာလည်းများတော့ ရောင်းလိုအားကများနေတယ်။ အဝင်များပြီးအဝယ်ကျတော့ ဈေးတွေပါကျကုန်တာပေါ့"ဟု မိတ္တီလာမှ ဖရဲစိုက်ပျိုးသူ ဦးဇော်မင်းကပြောသည်။

 

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ဖရဲကားစီးရေ ၃၀ ခန့်ဝင်ရောက်နေသော်လည်းဝယ်လိုအားမှာမူ သုံးစီးခန့်သာရောင်းချနိုင်သောကြောင့် ကျပ် ၄၅ သိန်းပေါက်ဈေးရရှိသည့် ဖရဲ ၁၂ ဘီးကား တစ်စီးလျှင်ကျပ်သိန်း ၂၀ကျော်အထိသာ ဈေးနှုန်းရရှိနေကြောင်း သိရသည်။

 

ပြည်တွင်း၌ ဆောင်းဖရဲကိုအောက်တိုဘာလအတွင်း၌ စတင်စိုက်ပျိုးကာ တရုတ်နိုင်ငံသို့ဒီဇင်ဘာလမှ မေလအထိတင်ပို့လေ့ရှိပြီး လတ်တလောတွင် တရုတ်နိုင်ငံ၌ ဖရဲထွက်ရှိချိန်ဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အားပြုနေခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #ပြည်တွင်းဈေးကွက် #ဖရဲဈေးနှုန်းများကျဆင်းနေ #YMG/NN