#Local_News
Published_ 14 October 2023


အထည်ချုပ်ကဏ္ဍမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော် (၄၃၁၆ ဒသမ ၈၉ သန်း)ရရှိထားပြီးယခင်နှစ် ပို့ကုန်တန်ဖိုးထက် ပိုမိုတိုးတက်လာကြောင်း သိရပါတယ်။

 

အလုပ်သမားဝန်ကြီး ဦးမြင့်နောင်သည် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါတယ်။

 

၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြားတွင် အထည်ချုပ်စက်ရုံ ၁၃၀ ကျော်ကို ဈေးကွက်သစ်ရှာဖွေခဲ့ကြောင်း၊ ဂျပန်နှင့် ကိုရီးယားသည် မြန်မာအထည်ချုပ်ကို ဝယ်ယူသည့် အဓိကနိုင်ငံများဖြစ်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်မှ အမှာစာ ၃၇ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုရီးယားမှ ၂၅ ဒသမ ၃ ရာခိုင်နှုန်း လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ တစ်ရှိန်ထိုးတိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးခဲ့ပြီး၊ လက်ရှိ CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ ၇၈၈ ရုံ ရှိတယ်လို့ ဝန်ကြီးကဆိုပါတယ်။

 

နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ အထည်ချုပ်စက်ရုံပေါင်း ၅၃ ရုံအား NSSA အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုတယ်လို့ ဝန်ကြီးက ပြောပါတယ်။

 

ထို့နောက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ စက်မှုကုန်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းထွန်းနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Local_News #အထည်ချုပ်ကဏ္ဍ #အမေရိကန်ဒေါ်လာ၄ဘီလီယံ #ymg_mnn #Yangon_Media_Group