#Local_News
Published_ 11 October 2023


တိုက်ကြီးမြို့အနီး အင်အား (၄.၀) အဆင့်ရှိသည့် ငလျင် အောက်တိုဘာလ(၁၁)ရက်တွင် ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မြေငလျင်ဌာနခွဲ )၏ထုတ်ပြန်ချက်အရသိရသည်။

 

‘တိုက်ကြီးမှာ မနေ့ညအောက်တိုဘာ(၁၁)ရက်ညပိုင်းက ငလျင်လှုပ်သွားတယ်လို့ ခေါင်းကိုမူးသွားတယ်။ အိပ်နေတုန်းဆိုတော့ ဇတ်ဇတ်တောင်ခါသွားတယ်။ နှစ်ချက်လှုပ်သွားတယ်။ ခါသွားတာ။ တော်တော်လေးသိသာတယ်’’လို့ တိုက်ကြီးမြို့နယ်မှာနေထိုင်သည့်ဒေသခံတစ်ဦးကပြောသည်။

 

အောက်တိုဘာလ (၁၁) ရက်၊ မြန်မာစံတော်ချိန် ညသန်းခေါင်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၄၂) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက် (၁၇)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၄၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မြေငလျင်ဌာနခွဲ )မှဖော်ပြထားသည်။



စက်တင်ဘာလ၂၃ရက်တွင် တိုက်ကြီးမြို့နယ်တွင် ညနေ ၆ နာရီစတင်ပြီး ငလျင်လှုပ်ခတ်ရာတစ်ညလုံး(၆)ကြိမ်၊ စက်တင်ဘာလ၂၄ရက်မှာ ညနေစောင်းတွင် တစ်ကြိမ်၊စက်တင်ဘာလ၂၅ ရက်တွင် မနက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း(၈)ကြိမ်လှုပ်ခတ်ခဲ့ကြောင်းနှင့် ယခုအောက်တိုဘာ(၁၁)ရက်တွင် တစ်ကြိမ်လှုပ်ခတ်သဖြင့် စုစုပေါင်း(၉)ကြိမ်ငလျင်လှုပ်ခတ်သက်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။

 

ယခုလပိုင်းများတွင် ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးတို့ကို ဗဟိုပြုပြီး ငလျင်များလှုပ်ခတ်ခဲ့သလို ရန်ကုန်နှင့်အနီးဆုံးပဲခူး၌လည်း ဗဟိုပြုလှုပ်ခတ်ခြင်းများရှိခဲ့ပြီး ရန်ကုန်တိုင်းအနေဖြင့် ငလျင်သတိပြုရန်လိုအပ်ကြောင်း သိရသည်။

 

#Local_News #တိုက်ကြီးမြို့ #ငလျင်ထပ်မံလှုပ် #tthl #Yangon_Times