#Local_News
Published_ 11 October 2023


သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဆန်စပါးများကို တင်း(၁၀၀)လျှင်အခြေခံရည်ညွှန်းစပါးဈေးနှုန်းကျပ် (၇၅၀၀၀၀)သတ်မှတ်လိုက်သည်ဟု တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ အောက်တိုဘာ(၁၀)ရက်၌ထုတ်ပြန်လိုက်သည်။

 

ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးအပေါ်တွင်ဖြစ်ရင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်တွင် ရောက်နေရင်တော့ ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်ဟုဆိုသည်။

 

အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိပြီး အဖျင်း၊ မှော်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏အခြေခံရည်ညွှန်းစပါးဈေးနှုန်းကိုကျပ်(၇၅၀၀၀၀) သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခုသတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည်၂၀၂၃ခုနှစ်မိုးစပါးနှင့်၂၀၂၄ ခုနှစ်နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

 

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချဖို့အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်ရုံးတွေဖြစ်စေ၊ အသင်းချုပ်ရုံးကိုဖြစ်စေ ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။

 

#Local_News #အခြေခံရည်ညွှန်းစပါး #ဆန်စပါး #tthl #Yangon_Times