#Local_News
Published 11 October 2023


အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်အပြင် အပိုထောက်ပံငွေ ၁၀၀၀ ကျပ်ကို အလုပ်သမား၁၀ဦးနှင့် အထက်ရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများ အားလုံး အကျိုးခံစားခွင့်ရရှိမှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

အလုပ်သမားဝန်ကြီးဌာန၏ အောက်တိုဘာ ၅ရက် ထုတ်ပြန်ချက်မှာ တစ်ရက်အလုပ်ချိန် ၈နာရီ အတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ကျပ် အပြင် အပိုထောက်ပံကြေး ၁၀၀၀ကျပ်ကို CMP လက်ခစားစနစ်နဲ့ လုပ်ကိုင်နေသည့် လုပ်ငန်းများမှ အလုပ်သမားများသာ ရရှိမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် အောက်တိုဘာ ၉ရက်တွင် အလုပ်သမား ၁၀ဦးနှင့် အထက်ရှိသည့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ ပါရရှိမှာဖြစ်ကြောင်း ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။

 

''၄၈၀၀ကျပ်အပြင် ထောက်ပံကြေး ၁၀၀၀ ကျပ်ကို ပထမ CMP အလုပ်ရုံက အလုပ်သမားတွေပဲ ရပေမယ့် အခုတစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား၁၀ဦးနဲ့ အထက်ရှိတဲ့ အလုပ်သမား ၁၀ဦးနဲ့ အထက်ရှိလုပ်ငန်းအားလုံးက လုပ်သားတွေရမှာပါ''ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

 

တစ်ရက်အလုပ်ချိန် ၈နာရီအတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ကျပ်အပြင် အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် ပါရရှိမှာဖြစ်လို့ အလုပ်သမားတစ်ဦး၏ တစ်ရက်အနည်းဆုံးရရှိငွေမှာ ၅၈၀၀ ကျပ်ရရှိရမည်ဖြစ်ကြောင်း သိရသည်။

 

''အစိုးရ ဝန်ထမ်းတွေက လခစားဖြစ်တဲ့အတွက် တစ်လကိုထောက်ပံငွေကျပ် ၃သောင်းရတယ်၊ပုဂ္ဂလိကလုပ်ငန်းကျတော့ နေ့စားလရှင်းများတဲ့အတွက် အလုပ်ဆင်းရတဲ့ ၂၆ ရက်အတွက်ပဲရမယ်၊ အခုက အနည်းဆုံးအခကြေးငွေ တိုးတာမဟုတ်ဘူး အပိုထောက်ပံကြေးဖြစ်တဲ့အတွက် အချိန်ပိုအတွက်တွက်တာကိုတော့ ၄၈၀၀ ကျပ်နဲ့ တွက်ပြီးရမှာဖြစ်တယ်''ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

 

အဆိုပါ အပိုထောက်ပံကြေး ၁၀၀၀ ကျပ်ကို ယခုလအောက်တိုဘာ ၁ရက်ကစပြီး အလုပ်သမား၁၀ဦးနှင့် အထက်ရှိ လုပ်ငန်းများမှ အလုပ်သမားများရရှိမှာဖြစ်ပြီး အလုပ်သမား ၁၀ဦးအောက်ရှိ မိသားစုလုပ်ငန်းများ မပါဝင်ကြောင်း သိရသည်။

 

#Local_News #အနည်းဆုံးအခကြေးငွေ #အပိုထောက်ပံငွေ ၁၀၀၀ ကျပ်
#YMG/ LW #Yangon_Times