#Local_News
Published-11 October 2023

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်သူ မြန်မာလုပ်သားများအနေဖြင့် ဝန်ထမ်းထောက်ပံ့ရေးစုဆောင်းငွေများ(EPFထည့်ဝင်ငွေများ)ကိုပြန်လည်ထုတ်ယူနိုင်ကြောင်းကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

 

ယင်းထုတ်ပြန်ချက်၌ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား အလုပ်သမားများသည် မလေးရှားနိုင်ငံ၏ ၁၉၉၁ ခုနှစ်၊ ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေ အက်ဥပဒေအရ EPF စုငွေများကို ထည့်ဝင်၍ စုဆောင်းခဲ့ကြပြီးအဆိုပါ စုဆောင်းငွေထည့်သွင်းခဲ့ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ စုငွေများကို ထုတ်ယူခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

 

ယင်းကြောင့် EPF အနေဖြင့် (၃)နှစ်ဆက်တိုက် စုဆောင်းငွေထည့်သွင်းခြင်းမရှိသည့် အဖွဲ့ဝင်များ၏ စုငွေများကို Unclaimed Money Management Division (BWTD)ဌာနသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

EPF စုဆောင်းငွေထည့်သွင်းထားသည့် မြန်မာနိုင်ငံသားများသည် မိမိနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ စုဆောင်းငွေများအား ပြန်လည်ထုတ်ယူနိုင်ကြောင်းနှင့် EPF စုဆောင်းငွေထည့်သွင်းထားရှိခဲ့ပြီး စုဆောင်းငွေများအား ထုတ်ယူသွားခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူများသည် EPF သို့မဟုတ် BWTD သို့ လိုအပ်သည့် စာရွက်စာတမ်းများကိုတင်ပြ၍ ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရသည်။

 

EPF စုဆောင်းငွေများ ထည့်သွင်းထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် စုဆောင်းငွေများနှင့်ပတ်သက်၍ သိရှိလိုပါက EPF ၏ Website ဖြစ်သည့် www.kwsp.gov.my သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သံရုံးကထုတ်ပြန်ထားသည်။

 

#Local_News #မလေးရှားနိုင်ငံ #မြန်မာလုပ်သားများ #ဝန်ထမ်းထောက်ပံ့ရေး
#Yangon_Times/PP