#Local_News
Published_ 10 October 2023


ပဲခူးနှင့်လှည်းကူးမြို့ရေဘေးတွင် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အားရာချီအသုံးပြုပြီးကူညီကယ်ဆယ်ရေး များဆောင်ရွက်လျက်ရှိသည်။

 

ရေဘေးသင့်ပြည်သူများကိုကူညီကယ်ဆယ်နိုင်ရန်အတွင် ပဲခူးမြို့သို့မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှရှာဖွေကယ် ဆယ်ရေးအထူးတပ်ဖွဲ့ဝင်(၃၅)ဦးနှင့် လှေ(၁၀)စီး ထပ်မံအားဖြည့်ပေးပို့ထားပြီဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်များ ထပ်လွှတ်ရန်လည်းရှိသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှသိရသည်။

 

ပဲခူးမြို့ရှိရေဘေးသင့်ပြည်သူများကို ပဲခူးတိုင်းဒေသကြီး၏ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၁၃၈)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် အတူ ဌာနချုပ်မှရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်(၃၅)ဦးသည် ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

‘ပဲခူးတိုင်းအတွက် ကျွန်တော်တို့မီးသတ်ဌာနချုပ်မှ လူအင်အားအနေနဲ့ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ ဝင်(၃၅)ဦးနဲ့ လှေ(၁၀)စီးပေးပို့ပြီးအားဖြည့်ပေးထားပါတယ်။ဒီနေ့ကတော့(၆)ဦးလွှတ်ဖို့ထပ်ရှိသေးတယ် မလွှတ်ရသေးဘူး။ ပဲခူးတိုင်းမှာရှိတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါ တယ်”ဟု မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်မှ ဒုတိယညွှန်ကြားမှူး ဦးထင်အောင်လင်းက YMG ကို ပြောသည်။

 

ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်၊ စက်ပစ္စည်းကိရိယာများ၊ရေပြင်ကယ်ဆယ်ရေးဆိုင်ရာတစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာများဖြင့် သွားရောက်ကူညီကယ်ဆယ်လျက်ရှိသည်။

 

လှည်းကူးရေဘေးကိုတော့ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးမင်းစမ်းအေးဦးဆောင်ပြီး ကယ်ဆယ်ရေးရေယာဉ်(၁၂)စီး၊ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်(၅၀)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၅)ဦးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#Local_News #ပဲခူး၊လှည်းကူးရေဘေး #မီးသတ်မှတပ်ဖွဲ့ဝင်ရာချီ
#tthl #Yangon_Times