Published 9 October 2023

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ပြီး ရေဘေးဒဏ် ခံနေရသည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ ကိုစေလွှတ် လိုက်ကြောင်းသိရသည်။

အောက်တိုဘာ ၈ ရက် နေ့ က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်မှုများဖြစ်ပွားသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပဲခူးမြစ် ရေသည် ဆက်လက် မြင့်တတ်လာတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ ကို အောက်တိုဘာ ၉ရက် နံနက်ပိုင်းတွင် စေလွှတ် ခဲ့ ကြောင်း သိရသည်။

ရေဘေးဒုက္ခကြုံတွေ့နေရသော နေရာများတွင် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးဆောင်ရွက် နိုင်ရန် အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များသည်ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/ စက်ပစ္စည်းကိရိယာများ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာ စုံလင်စွာဖြင့် သွားရောက် ကူညီပေးနေကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group