Published_ 4 October 2023

ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့တွင် ကျင်းပမည့် အာရှပစိဖိတ် အိမ်ခြံမြေ ကွန်ဗေးရှင်း နှင့်ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ချုပ်(FIABCI - Thai)နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA)မှ တက် ရောက်ရန်အောက်တိုဘာလ ၄ရက်(ယနေ့) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထိုင်းနိုင်ငံသို့ထွက်ခွာသွားကြောင်းသိရသည်။

 

အဆိုပါ  ဆွေးနွေးပွဲအား  ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၅ရက် မှ ၆ ရက်ထိဘန်ကောက် မြို့၊The Berkeley ဟိုတယ်တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်၏ ဖိတ် ကြားချက်အရ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)ဥက္ကဌ ဦးခင်မောင်သန်းမှ ဦး ဆောင်၍ အသင်းသူ၊အသင်းသား တစ်ရာကျော်မှ ပထမဦးဆုံးအကြိမ် ပါဝင်တက်ရောက် ရန် ရန်ကုန်မြို့မှထွက်ခွာသွားသည်။

“FIABCI လို့ခေါ်တဲ့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် ဟာ ၁၉၅၁ ခုနှစ်မှာ  ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ထောင်ခဲ့ပါတယ်။ ဒီကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်ကနေပြီးတော့ မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်း(ဗဟို)ဥက္ကဌနဲ့အသင်းသားများကိုတရားဝင်ဖိတ်ကြားခဲ့ပါတယ်။

ဒါဟာမြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနဲ့အသင်းသားများအတွက် အများကြီးအကျိုးရှိသလိုအခွင့်အလမ်း ကောင်းတခုလည်းဖြစ်ပါတယ်။ကမ္ဘာ့နိုင်ငံတွေမှာ ဆောင်ရွက်နေတဲ့ ဝန်ဆောင်မှုတွေအပြင် နိုင်ငံတကာ နဲ့လည်း ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးနေတာကို လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်"ဟုဦးခင်မောင်သန်းကဆိုသည်။

ယင်းနှီးနှောဖလှယ်ပွဲသို့ နိုင်ငံတကာမှ  ထိပ်တန်းရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အကျိုးဆောင်များ၊အိမ်ခြံမြေဆိုင်ရာမန်နေဂျာများတက်ရောက်ကြမည်ဖြစ်ပြီးထိပ်တန်းကမ္ဘာ့အိမ်ခြံမြေရောင်းဝယ်ရေးသမားများနှင့်လည်း နှီးနှောဖလှယ်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)အနေဖြင့် အာဆီယံအိမ်ခြံမြေအသင်း (ARENA) သို့ ၂၀၁၆ခုနှစ်ဩဂုတ်လ ၂၆ရက်တွင်အာဆီယံ ရှစ်နိုင်ငံနှင့် MoU ရေးထိုး၍ဝင်ရောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင် MRESAကိုပြင်သစ်နိုင်ငံနိုက်စ်မြို့ အခြေစိုက် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်မှ အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group