#Local_News
Published 27 Setember 2023


ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ယနေ့စက်တင်ဘာ (၂၇) ရက် နံနက်ပိုင်းက သုဝဏ္ဏတံတားအောက်ကမ်းစပ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

 

အင်္ကျီအဖြူ၊ ဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားသည့် အသက်(၁၇)နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသည် စက်တင်ဘာ (၂၅) ရက် ည (၆) နာရီကျော်ခန့်က ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သဖြင့် သုဝဏ္ဏပရဟိတ အသင်းနှင့် မိတ်ဖက်အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်တွင် ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။

 

"စပြီးခုန်ချသွားတဲ့ အချိန်ညပိုင်းထဲက ရှာဖွေခဲ့တာ နောက်နေ့ကျတော့ သူ့မိသားစုဝင်တွေ ဆက်သွယ်လာတယ်၊ ဒီနေ့မနက်မှာတော့ သုဝဏ္ဏတံတားအောက်ကမ်းစပ်မှာပြန်တွေ့တာပါ"ဟု သုဝဏ္ဏပရဟိတ အသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

 

ပြန်လည်တွေ့ရှိခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား သုဝဏ္ဏပရဟိတအသင်းမှ ပြန်လည်ဆယ်ယူကာ ရင်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ငမိုးရိပ်တံတား #ရုပ်အလောင်း၃ရက်ကြာမှပြန်တွေ့
#YMG/LW #Yangon_Times