၂၃ စက်တင်ဘာ ၂၀၂၃

ထိုင်းဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင်းက ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးတာကို အလေးအနက်ထားပြီး နိုင်ငံထဲမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို အကောင်းဆုံးစောင့်ရှောက်နေပါတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။

မစ္စတာ ဆရက်သာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကုလရုံးချုပ်မှာ တွေ့ဆုံအပြီး သတင်းထောက်တွေနှင့်တွေ့ဆုံရာမှာ အဲသလိုပြောကြားခဲ့တာလို့ ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြထားပါတယ်။

သူဟာ ကုလသမဂ္ဂ ၇၈ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးမှုကို ဦးစားပေးပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီပေးခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေမှာ ဝင်ရောက်ပတ်သက်မှာမဟုတ်ဘူးလို့လည်းပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ်ကလည်း သူ့ကို စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပြီး ထိုင်းအနေနှင့် သူ့ရဲ့ အရေးတကြီးသတင်းစကားဖြစ်တဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ဆိုတာကို ယူဆောင်သွားမှာပါလို့လည်းဆိုပါတယ်။

ရှေ့သို့ချီပါတီMFP ရဲ့ အမတ်တစ်ဦးဖြစ်တဲ့  ချူလာပွန်ယူကိတ်က ရှမ်းပြည်နယ်မငြိမ်မသက်မှုရဲ့ ရိုက်ခတ်မှုခံစားရတဲ့ မြန်မာတွေကို ကူညီဖို့  အစားအစာတွေ၊ဆေးဝါးတွေနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးချင်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကူညီဖို့ အစိုးရကို သောကြာနေ့ကတောင်းဆိုထားပါသေးတယ်။