Published_ 6 September 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က မြန်မာနှင့် ရုရှား တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် ခရီးစဉ်အသစ်ကို စက်တင်ဘာ ၅ ရက်က စတင်ပျံသန်းပြေးဆွဲပေးကြောင်းသိရသည်။

ယင်းလေယာဉ်ခရီးစဉ်အသစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နှင့် MAI လေကြောင်းလိုင်း တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

MAI က ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် အသွားအပြန် ခရီးစဉ်ကို ပြန်လည် ပျံသန်း နိုင်သည့်အတွက် နှစ်နိုင်ငံအကြား မိတ်ဖက်အနီးကပ် ပူးပေါင်းဆောင်ရွက် မှု ခြေလှမ်းသစ်တစ်ရပ် ဖြစ်ကြောင်းလည်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောသည်။

ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ပျံသန်းထွက်ခွာမည့် လေယာဉ်သည် နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှမန္တလေး တံတားဦးလေဆိပ်ကို ထွက်ခွာပြီး ယင်းမှတစ်ဆင့် ညနေပိုင်းတွငိ ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ထွက်ခွာမည်ဟုသိရပြီးခရီးစဉ်အသစ်ကို အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း  တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးမည််ဖြစ်ပြီး ခရီးသွားများအ​နေဖြင့် နိုဗိုစီဗစ်မြို့က S7 လေကြောင်းလိုင်းကိုအသုံးပြု၍  မြို့တော်မော်စကိုအပါအဝင် တခြား ရုရှားနိုင်ငံ တစ်ဝန်းလုံးကို ဆက်လက်သွားရောက်လည်ပတ်နိုင်မည် ဖြစ်သလို ရုရှားခရီးသွား အနေနဲ့လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးကိုသာမက တခြားအာဆီယံနိုင်ငံများကိုပါ ချိတ်ဆက်လည်ပတ်နိုင်မည် ဖြစ်ကြောင်းသိရသည်။

ခရီးစဉ်အသစ်ကို ရုရှား နှင့်မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ကူးလူးဆက်ဆံမှု ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမို တိုးတက်လာစေရေးအတွက် နှစ်ဖက်အစိုးရ၏ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာဌာနများ ခရီးသွားကုမ္ပဏီများကလည်း မိမိနိုင်ငံမှာရှိပြီးသား ရိုးရာအမွေအနှစ်၊ သဘာဝတောတောင်ရှုခင်း၊ ပင်လယ်ကမ်းခြေအလှများကို အသုံးပြုကာ နှစ်နိုင်ငံပြည်သူတွေ သွားလာဆက်သွယ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး စတင်ပြေးဆွဲခဲ့​ခြင်း
ဖြစ်ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yagon_Times