#Local_News
Published-20-82023

မြန်မာနိုင်ငံရှိ အကျဉ်းထောင်/အချုပ် ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ဘင်္ဂါလီလူမျိုး (၅၅၁) ဦးအား နေရပ်အသီးသီးသို့ ပြန် လည်ပို့ဆောင်ပေးခဲ့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးဌာန ထံမှသိရသည်။

 

ယခု ဩဂုတ်လ ဒုတိယအပတ်အတွင်းအဆိုပါ ဘင်္ဂါလီလူမျိုး (၅၅၁)ဦးမှာ အမြန်ရေယာဉ် သုံးစီးဖြင့် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အသီးသီးရောက်ရှိလာကြသည်ဟုဆိုသည်။

 

ယင်းသို့ ပြန်လည်လွတ်မြောက်လာသူများမှာ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဘင်္ဂါလီလူမျိုး (၄၄၀) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၁၁) ဦး၊ စုစုပေါင်း ၅၅၁ ဦးတို့ဖြစ်သည်။

 

ယင်းအနက် မောင်တောမြို့နယ်မှ အမျိုးသား (၂၆၄) ဦး၊ အမျိုးသမီး (၉၇) ဦး၊ ပေါင်း (၃၆၁) ဦးကို တာဝန်ရှိသူများက မော်တော်ယာဉ် (၈) စီးဖြင့် မောင်တောမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

အလားတူ ဘူးသီးတောင်မြို့နယ်မှ အမျိုးသား (၇၀) ဦး၊ အမျိုးသမီး (၉)ဦး၊ ပေါင်း (၇၉) ဦးအား ၎င်းတို့နေရပ်ဖြစ်သည့် ကျေးရွာများသို့ မပို့ဆောင်မီကာလအတွင်း ဘူးသီးတောင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ အာရ်ဗီစာသင်ကျောင်း၌ ခေတ္တစောင့်ရှောက်ထားရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား (၁၀၈) ဦး၊ အမျိုးသမီး (၃) ဦး၊ ပေါင်း (၁၁၁) ဦးအား နှစ်နိုင်ငံလွှဲပြောင်းလက်ခံရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့မလွှဲပြောင်းမီကာလအတွင်း ဘူးသီးတောင်အကျဉ်းထောင်၌ ခေတ္တယာယီစောင့်ရှောက်ထားကြောင်း သိရှိရသည်။

 

နစကအနေဖြင့်  လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း ဩဂုတ်လ (၁) ရက်နေ့တွင် ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

#YMG/my #Local_News #ဘင်္ဂါလီလူမျိုး (၅၅၁) ဦး #နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်
#Yangon_Times