#Local_News

Published 31-7-2023

ဘားအံမြို့သံလွင်တံတား၊ တရုတ်လှဘက်အခြမ်းရှိ စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့  ဇူလိုင် (၃၁) ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။

 

ယင်းဖြစ်စဉ်ကြောင့် ပြည်သူ ငါးဦး အ နက် တစ်ဦး သေဆုံးပြီး၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

"အသံက အကျယ်ကြီးဘဲ အကို။ ဘယ်ကနေပေါက်တယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ အရေးပေါ်ကားတွေ စစ်တပ်လုံခြုံရေးကားတွေ အများကြီးရောက်နေတယ်။ အခြားဘယ်သူမှဖြတ်သန်းခွင့်မပြုဘူး။ အခု သွားလာခွင့်မပြုထားတော့ အနားလည်းကပ်မကြည့်ရဲတာနဲ့ ပြန်လာလိုက်တယ်"ဟု ဒေသခံတစ်ဦးက Yangon Times ကို ပြောသည်။

 

အဆိုပါဖြစ်စဉ်တွင် တံတားလုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့အချို့လည်းထိခိုက်ဒဏ်ရာရှိသည်ဟု သိရသော်လည်း ဘယ်နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည်ကို အတည်ပြုနေဆဲဖြစ်သည်။

 

ဖြစ်စဉ်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဖြေကြားထားရာတွင် Honda Fit အနက်ရောင်တစ်စီးသည် ယာဉ်ကြောပြောင်းပြန်မောင်းနှင်လာပြီး၊ မျက်နှာချင်းဆိုင်မှမော်တော်ယာဉ်တစ်စီးအား ဝင်ရောက်တိုက်ခိုက်သဖြင့် ပေါက် ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။

 

ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး၊ ပြည်သူအမျိုးသားသုံးဦး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

#YMG/my
#Yangon_Times