Published_ 24 July 2023

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အထိမ်းအမှတ်၊ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍လည်းကောင်း၊ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောကြားပါတယ်။

နိုင်ငံ၏စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်း ငွေကြေး ပမာဏကို စဉ်ဆက်မပြတ်စောင့်ကြည့် စိစစ်လျက်ရှိပြီး၊ ရည်မှန်းချက် ပမာဏအတွင်း တွင်သာ ရှိစေရန် ယင်းပမာဏကို နှုတ်သိမ်းခြင်း၊ ထည့်သွင်းခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် လျက်ရှိတဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတန်အသင့် တင်းကြပ်သောငွေကြေးမူဝါဒကို ကျင့်သုံးလျက် ရှိတာဖြစ်တယ်လို့လည်း ဗဟိုဘဏ်ရဲ့ရှင်းလင်းချက်ထဲမှာဖော်ပြထားပါတယ်။

စီးပွားရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် အတိုးနှုန်း မြှင့်တင်ခြင်းထက်စီးပွားရေးစနစ်အတွင်း ထားရှိသင့်သည့် သီးသန့်ငွေကြေးပမာဏအား အတိုး/ အလျော့ပြုလုပ်နိုင်သည့် ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေကြေး ပမာဏအချိုး(Reserve Requirement Ratio) မြှင့်တင်ခြင်း/ လျော့ချခြင်းဖြင့် ဆောင်ရွက်လျက်တာဖြစ်တယ်လို့လည်း ဗဟိုဘဏ်ကပြောပါတယ်။

နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation - CIC) များ လျော့နည်းကျဆင်းခဲ့ကြောင်း၊ CICတိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉ရာခိုင်နှုန်း သို့လည်းကောင်း ၂၀၂၃ ခုနှစ် မေလတွင် ၁၁ ရာခိုင်နှုန်းသို့ လည်းကောင်းကျဆင်းခဲ့တယ်လို့လည်း ဗဟိုဘဏ်က ဆက်လက်ပြောဆိုပါတယ်။

ဗဟိုဘဏ်ဟာ နေ့စဉ် နိုင်ငံခြားငွေ စီးဝင်မှု/ စီးထွက်မှုအား နီးကပ်စွာ စောင့်ကြည့်စိစစ်လျက်ရှိပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ်ချက်များရှိလာပါက Financing ပေးခြင်း၊ ရောင်းချပေးခြင်းနှင့် နိုင်ငံခြားငွေဝယ်ယူ ထိန်းသိမ်းထားသည့် ဘဏ်များအား နိုင်ငံခြားငွေလိုအပ်သော သွင်းကုန် တင်သွင်းသူများနှင့်စီးပွားရေးလုပ်ငန်းများထံသို့ ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။

ယခုအခြေအနေအရ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ မကြမ်းဘဲ တည်ငြိမ်နေကြောင်း၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီး ဆောင်ရွက်လျက်ရှိသည့် ဘဏ်များအကြား Onlineနိုင်ငံခြားငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသည့် Exchange Rate ကို ကြည့်နိုင်ပါကြောင်းနှင့် Online နိုင်ငံခြားငွေကြေးဈေးကွက်တွင် သွင်းကုန်တင်သွင်းသူများ အတွက်လိုအပ်သည့် နိုင်ငံခြားငွေအားရယူနိုင်လျက်ရှိသဖြင့် စီးပွားရေးလုပ်ငန်းများ အတွက်လိုအပ်သော သွင်းအားစုများနှင့် ဈေးကွက်အတွင်း လိုအပ်သော သွင်းကုန်များကို တင်သွင်းနိုင်လျက်ရှိကြောင်းနှင့်ယခုထုတ်ဝေသည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် အထက်ပါ နိုင်ငံခြားငွေကြေးဈေးကွက်၏ နေ့စဉ် အရောင်းအဝယ်များအား သက်ရောက်မှု မရှိနိုင်လို့လည်း ဗဟိုဘဏ်က ထပ်လောင်းပြောဆိုပါတယ်။

ငွေကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဟုကြေညာပြီးနောက် ဈေးကွက်များအတွင်း လှုပ်ခါမှုများရှိခဲ့ပြီး ပြည်သူများအကြား စိုးရိမ်စိတ်များရှိနေချိန်တွင် ဗဟိုဘဏ်ရဲ့ပြောကြားချက် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
-ymg/knl
#Local_News
#YMG #Yangon_Times