#Local_News
Published-20 June 2023


ငါးမဖမ်းရရာသီဖြစ်သည့် ငါးသားပေါက်ချိန်ဧပြီ၊ မေ၊ ဇွန်လတို့တွင် ငါးမဖမ်းရန်နှင့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်တွင် တရားမဝင်ကျားဖောင်လုပ်ငန်းလုပ်ခြင်း မပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေးခဲ့ကြောင်း သိရသည်။

 

၂၀၂၃- ၂၀၂၄ လုပ်ငန်းရာသီမတိုင်မီ ရေလုပ်ငန်းရှင်များကို တရားမဝင်ကျားဖောင်လုပ်ငန်းလျော့နည်းပပျောက်စေရေးအတွက် အသိပညာပေးဟောပြောပွဲကြိုတင် ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးက ငါးမဖမ်းရရာသီဖြစ်သည့် ငါးသားပေါက်ချိန် ဧပြီ၊ မေ၊ ဇွန်လတို့တွင် ငါးများဖမ်းဆီးခြင်း မပြုလုပ်ရန်၊ Close Season ကာလအတွင်း တရားမဝင်ကျားဖောင်လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိ စေရန်၊ အင်္ဂလန်ကျားဖောင်အားရေယာဉ်တစ်စီးလျှင် ခွင့်ပြုကိရိယာအရေအတွက် ရှစ်ဖောင်သာလုပ်ကိုင်ရေး၊ ခွင့်ပြုကိရိယာမဟုတ်ဘဲ ကိရိယာလွှဲမှားစွာ လုပ်ကိုင်ခြင်းမပြုရေးတို့ကို ပြောကြားခဲ့သည်။

 

ဒီ့အပြင် ကမ်းဝေးငါးဖမ်းလိုင်စင်မရှိဘဲ အင်္ဂလန်ကျားဖောင်လုပ်ကိုင်မှုမရှိစေရေးတို့ကို ရေလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြောကြားခဲ့သည်။

 

ယင်းဟောပြောပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရေလုပ်ငန်းရှင်များအသင်းဥက္ကဌ အပါအဝင် ချောင်းဝကျေးရွာမှ ရေလုပ်ငန်းရှင် ၄၅ ဦး၊ ခါးပြတ်ကျေးရွာမှ ရေလုပ်ငန်းရှင် ၅၁ ဦးတို့နှင့် တွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


Photo -MWD
#ymg/tthl #Local_News #ငါးသားပေါက်ချိန်ငါးမဖမ်းရန်ရေလုပ်ငန်းရှင်များကိုကြိုတင်အသိပေး
#YMG #Yangon_Time