#Local_News
Published_13 June 2023

မြန်မာ့ဆန်ကို ပိုမိုတင်ပို့နိုင်ရေး ဖိလစ်ပိုင်ကုမ္ပဏီ ၈ ခုနှင့် ဇွန်လ (၆) ရက်မှ (၉) ရက်ထိ လေးရက်ကြာဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ကသိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၂ လအတွင်းပြည်ပနိုင်ငံများထံဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သိန်းခန့် တင်ပို့ထားနိုင်ခဲ့ပြီးနောက် ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း နှင့် ပြောင်း ဝယ်ယူနေသော ဖိလစ်ပိုင်ကုမ္ပဏီ (၈) ခု နှင့် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဖိလစ်ပိုင်ကုမ္ပဏီများနှင့် ကုန်သွယ်မှုအခွင့်အလမ်းတွေတိုးမြှင့် ရန်၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အကြားရင်းနှီးခင်မင်မှုတိုးပွားစေရန် ၊အဖွဲ့အစည်းများ အချင်းချင်းဆက်သွယ်ရေးတိုးမြှင့်ရေး၊ဈေးကွက်သတင်းအချက်အလက်များဖလှယ်ရေး ရည်ရွယ်၍ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်းဖိလစ်ပိုင်နိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (DTI) လက်အောက်ရှိဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်း (PITC) ၏ President & CEO USEC Emmie Liza Perez-ChiongDMD နှင့် တွေ့ဆုံပြီး PITC နှင့် MRF တို့အကြားပူးပေါင်းဆောင်ရွက်မည့် Memorandum of Agreement (MOA) ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် ဖိလစ်ပိုင် ကုန်သည်စက်မှုအသင်းချုပ် (PCCI) ဥက္ကဋ္ဌဖြစ်သူ Mr. George Barcelonနှင့် ဖိလစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များအားမနီလာမြို့၊ PCCI ရုံးချုပ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန် နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်၊ အာဆီယံစီးပွားရေးရပ်ဝန်းအတွင်းနှစ်နိုင်ငံလုပ်ငန်းရှင်များအကြားထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန် လည်း ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၂ လဖြစ်သော ဧပြီလ နှင့် မေလတို့တွင် ပင်လယ်ရေကြောင်း ၊ နယ်စပ်ဂိတ် လမ်းကြောင်းများမှ ဆန်နှင့်ဆန်ကွဲ ၁၁၀,၇၀၆ တန်ကိုပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ဧပြီလအတွင်းကပင်လယ်ရေကြောင်းမှ ဆန်နဲ့ဆန်ကွဲတန်ချိန် ၈၅,၃၆၀ တန် နယ်စပ်ကုန်သွယ်ရေးမှ ၂,၂၈၈ တန်တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ရာ မလေးရှားနိုင်ငံသို့တင်ပို့မှုမှာ အများဆုံးဖြစ်ပြီး ၈,၀၅၀ တန် ၊ ဖိလစ်ပိုင်နိုင်ငံသို့ ၇,၅၄၅ တန်၊ စပိန်နိုင်ငံသို့ ၆,၅၅၀ တန် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း၊ဆန်ကွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံထံ တင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ၁၅,၇၂၅ တန် ၊တရုတ်နိုင်ငံသို့ ၉,၈၅၄ တန် ၊ ပြင်သစ်နိုင်ငံသို့ ၂,၀၀၀ တန် သီးသီးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မေလတွင် ဆန်၊ဆန်ကွဲကို ပင်လယ်ရေကြောင်းမှ ၁၀၂,၈၀၁ တန် နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၇,၉၀၅ တန်တို့ကို နိုင်ငံပေါင်း၂၆နိုင်ငံသို့ တင်ပို့နိုင်ခဲ့ရာ တူကီယဲနိုင်ငံသို့ ပထမအများဆုံးအဖြစ် ၁၁,၃၇၆တန်၊ စပိန်နိုင်ငံသို့ ဒုတိယအများဆုံးအဖြစ် ၄,၄၄၉တန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံသို့ တတိယအများဆုံးအဖြစ် ၄,၁၂၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဆန်ကွဲကို စုစုပေါင်းနိုင်ငံပေါင်း ၁၀နိုင်ငံသို့တင်ပို့ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံသို့ ပထမအများဆုံးအဖြစ်၂၅,၉၂၅တန်၊ နယ်သာလန် နိုင်ငံသို့ ဒုတိယအများဆုံးအဖြစ် ၁၃,၅၀၀တန် နှင့် တရုတ်နိုင်ငံသို့ တတိယအများဆုံးအဖြစ် တန်ချိန် ၁၂,၀၃၅ ဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တစ်နှစ်ပတ်လုံးအတိုင်းအတာဖြင့် မြန်မာ့ဆန်ကို ဝယ်လိုအားရှိသော ပြည်ပနိုင်ငံ ၂၀ ကျော်ထဲတွင် တရုတ်နိုင်ငံပြီးလျှင် ဖိလစ်ပိုင်က ပမာဏအများဆုံးဝယ်ယူထားကြောင်း၊မေလအထိ ဖိလစ်ပိုင်အနေဖြင့် မြန်မာ့ဆန် တန်ချိန် (၇၁,၀၀၀) ကျော်အထိ တင်သွင်းထားကာ နိုင်ငံအလိုက် ဆန်ဝယ်ယူမှုတွင် ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ စာရင်းများတွင် ဖော်ပြထားသည်။
ymg/BM
#Local_News #မြန်မာ့ဆန်ပိုမိုတင်ပို့နိုင်ရေး #ဖိလစ်ပိုင်ကုမ္ပဏီ၈ခုနှင့်ဆွေးနွေး
#YMG #Yangon_Media_Group