#Local_News
Published_ 13 June 2023

အကြမ်းဖက်သမားများအား ငှားရမ်းသည့်အဆောင်၊နေအိမ်တိုက်ခန်းများ အသိမ်းခံရမည်ဟုအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထပ်မံ၍ အသိပေးချက် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင်အကြမ်းဖက်အုပ်စုများနှင့် PDF အဖွဲ့အစည်းအမျိုးမျိုး၊ ယင်းတို့နှင့်ဆက်စပ်ပတ်သက်သော အဖွဲ့ အစည်းတို့က နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့်သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေးအငြိုးထား သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို အလွယ်တကူ ခြေရာခံနိုင်ခြင်းမရှိစေရန်အဆောင်များနှင့် နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ပြီးလုပ်ဆောင်လျက်ရှိကြောင်း ဖော်ထုတ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအရ တွေ့ရှိရသောကြောင့်ယင်းလုပ်ဆောင်မှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် အထက်ပါအတိုင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာရရှိမှသာငှားရမ်းခြင်းနှင့် ယင်းအချက်အလက် အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်မှုကျူးလွန်သည့် ငှားရမ်းနေထိုင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့်ခါ ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ်သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ပြီးဖြစ်သော်လည်း နေအိမ်တိုက်ခန်းပိုင်ရှင်အချို့က မသိကျိုးကျွန်ပြု၍ဆက်လက်ငှားရမ်းပေးနေခြင်းမှာအကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေးကူညီရာရောက်သကဲ့သို့ဖြစ်စေကြောင်းလည်း ဖော်ပြပါရှိသည်။

ယင်းကြောင့် ဖြစ်စဉ်ပေါ်ပေါက်သည့်အခါတွင် နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် စနစ်တကျစိစစ်၍ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါက အဆိုပါငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှုအားအားပေးကူညီသူအဖြစ် အရေးယူခံရနိုင်ကြောင်း ထပ်မံ အသိပေးကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက် သမားများနှင့် အကြမ်းဖက်အုပ်စုများကို အဆောက်အအုံနှင့် နေရာတစ်ခုခု အသုံးပြုခွင့်၊ ယာယီတည်းခိုနေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက်သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်ကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ymg/BM
#Local_News # အဆောင်၊နေအိမ်တိုက်ခန်းများ #အသိမ်းခံရမည်ဟုထပ်မံသတိပေး
#YMG #Yangon_Media_Group