#Local_News
Published_12 June 2023

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံစမ်းကြီးဝကွင်း ပုံစံ-၃ မြေပေါ် စိုက်ပျိုးထားသောစပါးများကို လယ်သမားများ ရိတ်သိမ်းလိုနေကြကြောင်း အဆိုပါ လယ်သမားများက ပြောသည်။

တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝကွင်း (State Land) ရှိ မြေဧရိယာ (၇၀၉ ဒသမ ၁၄) ဧက မှာ စမ်းကြီးဝရပ်ကွက် ပေါက်ကုန်းရပ်ကွက်နှင့် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်မှုဧရိယာအတွင်း တည်ရှိခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေများနှင့် ပက်သက်၍ မေးခွန်းမေးမြန်းခဲ့စဉ်တွင် စမ်းကြီး၀ ကွင်းနှင့်ပတ်သက်၍လည်းထည့်သွင်းမေးမြန်းခဲ့ရာ စမ်းကြီးဝကွင်း မြေဧက ၇၀၉ ဒသမ ၁၄ ဧကကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ကြောင်း ၊တပ်မတော်မှ အသုံးမလိုတော့သည့် အတွက် ပြန်လည်အပ်နှံခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ်ဇွန်လ ၂၃ ရက်ရက်စွဲဖြင့် နိုင်ငံတော်မှစီမံခန့်ခွဲခွင့်ရှိသည့် State Land အဖြစ် သတ်မှတ်ခဲ့ကြောင်း မေးခွန်းအပေါ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ပြန်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြေဧရိယာ ၇၀၉ ဒသမ ၁၄ ဧက အနက် ၉၂ ဒသမ ၆၀ ဧကကို တောင်သူ ၁၈ ဦးအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ယာယီလုပ်ကိုင်ခွင့်ပုံစံ ၃ ကို ပေးအပ်ထားခဲ့ကာ ကျန် လယ်သမားများအားလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီစစ်ရေး အဖွဲ့မှ အတည်ပြုနိုင်ရန် စိစစ်မှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

ယခုအခါ မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် State Land အဖြစ်သတ်မှတ်ထားပြီး စမ်းကြီးဝကွင်း မြေအကျယ် ၇၀၉ ဒသမ ၁၄ ဧက ပေါ် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် သတ်မှတ်ပုံစံ (၃) ရရှိထားခြင်း မရှိသေးသူများက လယ်ယာမြေများကိုအဆင့်ဆင့် လက်လွှဲရောင်းချခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဆိုလာလုပ်ငန်းဆောင်ရွက်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်ဆိုကာ ယင်းတို့ကို ဇွန်လ ၆ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လယ်သမားများထံ အကြောင်းကြားခဲ့ပြီးနောက် ဇွန်လ ၇ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လာရောက် ဖယ်ရှားရှင်းလင်းမှုများကို ပြုလုပ်ခဲ့ကြောင်း ၊ယင်းသို့ ဖယ်ရှားရာတွင် ပုံစံ(၃) ရထားသူများ၏ လယ်တဲများ၊ ဂိုထောင်များပါ ဖယ်ရှားခံခဲ့ကြရခြင်း ဖြစ်ကြောင်းသိရသည်။

အထက်ပါအတိုင်း ဖယ်ရှားရှင်းလင်းခံရသော ပုံစံ(၃)လက်ဝယ်ရှိပြီး လက်ရှိလယ်စိုက်နေသူလယ်သမားများက ၎င်းတို့ စိုက်ပျိုးထားသည့် စပါးများနှင့်ပတ်သက်၍ ရိတ်သိမ်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ မေလနောက်ဆုံးပတ်ကအသနားခံစာတင်ပြထားခဲ့ကြောင်းလည်း သိရသည်။
ymg/BM
#YMG #Yangon_Media_Group