#Local_News
Published_10 June 2023


မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးတက်ရောက်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခါဘရော့ဇ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သော မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ဦးဆောင်သော အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ၃ နှစ်တာလုပ်ငန်းစီမံချက်အရ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေး (Planning Conference of ADMM-Plus Experts’ Working Group on Counter-Terrorism) အတွင်း အထက်ပါအတိုင်း ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် များကို အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးသို့ တက်ရောက်သူများ လေ့လာသိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့် အထောက်အထားများ၊ NUG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရသည့် အကြောင်းအရင်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာတို့ဖြင့် ထုတ်ဝေထားသည့် စာစောင်၊ ၎င်းစာစောင်ပါ အကြောင်းအရာများပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းအစည်းအဝေးသို့ မြန်မာ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များက တက်ရောက်ခဲ့ ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း ။ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံက အဖွင့်အမှာစကား ပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဒေသတွင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

 

#ymg/BM #Local_News #အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး #YMG #Yangon_Media_Group