#Local_News
Published_ 5 April 2023

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ ပိုမိုတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ - ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊ ယာကြီး - ကလေးဝလမ်းအပိုင်းအား အဆင့်မြှင့်တင်ခြင်း၊ တမူး- ကျီကုန်း - ကလေးဝ လမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်း တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar တို့ ဧပြီလ ၄ ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

ယင်းအပြင်အသစ်တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်ဂိတ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် (Integrated Check Post) တည်ဆောက်ရေး ကိစ္စရပ် တို့ကိုလည်း ထပ်မံ ဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။

 

အလားတူ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း အလားအလာများ၊ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အသိပညာများ မျှဝေပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တို့ နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ဆွေးနွေးခဲ့ကြသေးကြောင်းလည်း သိရသည်။

 

၎င်းအပြင် အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့်လည်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုလည်းကောင်း၊ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း Bengal Initiative for MultiSectoral Technical and Economic Coo-peration (BIMSTEC - ဘင်းစတက်)အပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ အခန်းကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြားလယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ သုတေသနနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ တင်သွင်းတင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဧပြီလ ၃ ရက်ကလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar တို့ နှစ်နိုင်ငံအစိုးရတို့အကြား ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောများ ထိန်းသိမ်းရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်း အစီအစဉ်တွင် သစ်တောထိန်းသိမ်းရေး ဦးစားပေးဆောင်ရွက်နေမှု၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန် များထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော် ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာနှင့်ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မှု အလားအလာတို့ကို ဆွေးနွေးခဲ့ကြသေးသည်။
ymg/mt
#Local_News #မြန်မာ-အိန္ဒိယလမ်းပန်းဆက်သွယ်
#YMG #Yangon_Media_Group