#Local_News
Published_ 3 April 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ယခင်နှစ်ထက်ကန်ဒေါ်လာ သန်း၇၀၀ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၉၇ ဘီလီယံရရှိထားပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၇၄၂ ဒသမ ၇၀ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါနယ်စပ်ဂိတ်မှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၅၃၃ ဒသမ ၅၈ သန်းရရှိထားကြောင်းသိရသည်။

 

ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်တို့ကနေ ကုန်သွယ်မှုပြုလုပ်နေပြီး နယ်စပ်ဂိတ်တွေအနက် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံရရှိထားပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၁ ဒသမ ၇၁ သန်းရရှိထားကြောင်း သိရသည်။

 

ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၃၈ ဒသမ ၆၃ သန်း၊ ကံပိုက်တီဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၀၁ သန်း၊ကျိုင်းတုံဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၁ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စာရင်းများအရ သိရသည်။

 

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းတွေကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

ymg/ppk
#Local_News #မြန်မာ-တရုတ်နယ်စပ် #ကုန်သွယ်ရေး
#YMG #Yanzgon_Media_Group