#LocalNews Published - 12 Mar 2023 မြန်မာနိုင်ငံတွင် ယခုသင်ကြားနေသည့် ဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် မျှော်မှန်းရလဒ်အခြေခံသည့် စုစည်းချိတ်ဆက်သင်ကြားခြင်းစနစ်အဖြစ်ပြောင်းလဲ သင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Professional Education)နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ နစက ဥက္ကဌက ပြောကြားလိုက်သည်။ မတ်လ ၁၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ကျင်းပသော မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောသည်။ ယင်းအပြင် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၆)ခု၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(၅၃)ကျောင်းတို့ကိုဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့်အညီပြုပြင်ပြောင်းလဲ၍ သင်ကြားပေးနေကြောင်း၊ယခုအခါ ပြည်သူ့ဆေးရုံများကို မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မီဆေးကုသမှုများ ခံယူနိုင်စေရန်ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဘတ်ဂျက်များတိုးမြှင့်လျာထားဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးနေသည့်အပြင် ချီးမြှင့်ငွေနှင့်စရိတ်မျိုးစုံကို ခံစားခွင့်ရရှိစေရန်ကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို တက်ရောက်ရန် ဝင်ခွင့်ရွေးချယ်ရာတွင်လည်း ဆေးပညာရပ်ကိုအမှန်တကယ်စိတ်ဝင်စားသူများ၊ ဆေးပညာကျင့်ဝတ်လိုက်နာစောင့်ထိန်းမည့်သူများ၊ ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်လိုသူများ၊ မေတ္တာစေတနာနှင့် ကျန်းမာရေးစောင့်ရှောက်ပေးလိုသူများကိုသာ ရွေးချယ်ပြုစုပျိုးထောင်နိုင်ရေးအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား စနစ်တကျစိစစ်ရွေးချယ်ပြီး ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှ စတင်ကျင့်သုံးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)တွင် ကျန်းမာရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့်ဆေးနှီးနွှယ်ပညာရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးအောက်ရှိ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှဆေးပညာရှင်များ၊ အငြိမ်းစားကျန်းမာရေးပညာရှင်များ၊ အငြိမ်းစားတပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပြင်ပဆရာဝန်များသာမက အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းမှ ဆေးပညာရှင်များတက်ရောက်ဟောပြော ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။ ymg/mt #Yangon_Media_Group