#Local_News Published_ 12 March 2023 ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေတဆင့် အပြန်အလှန်ကုန်သွယ်မှုမှ ယခုဘဏ္ဍာရေးနှစ် ၁၀ လတာကာလအတွင်း ကုန်သွယ်မှုပမာဏငွေမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၄ ဘီလီယံ ရရှိထားပြီး ကာလတူ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇ ဘီလီယံပိုမိုရရှိထားကြောင်း စာရင်းများအရ သိရသည်။ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဧပြီ မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ လပေါင်း ၁၀ လတာ ကာလအတွင်းမှာ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းကတဆင့် ပို့ကုန်တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၂ ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့တဲ့နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ အလားတူ ပင်လယ်ရေကြောင်းကတဆင့် သွင်းကုန် တင်သွင်းမှုပမာဏသည်လည်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၂ ဘီလီယံရရှိထားပြီး ကာလတူ အခြေအနေနှင့်ယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးလာသည်။ လက်ရှိဘဏ္ဍာရေးနှစ် ၁၀ လတာ ကာလအတွင်း ပင်လယ်ရေကြောင်းကတဆင့် မြန်မာနှင့် ပြည်ပနိုင်ငံတွေအကြား အပြန်အလှန်ကုန်သွယ်မှုကို ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃၃ ဒသမ ၈ ရာခိုင်နှုန်းတိုးလာကြောင်း စာရင်းများအရ သိရသည်။ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ၁၀လတာ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း အပါအဝင် နယ်စပ်လမ်းကြောင်းတို့ကတဆင့် မြန်မာနှင့် ပြည်ပနိုင်ငံတွေအကြား အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၇၉ ဘီလီယံ ရရှိထားသည့်အနက် နယ်စပ်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၄ ဘီလီယံ ရရှိထားသည်။ ymg/ppk #Yangon_Media_Group