#LocalNews Published_ 12 March 2023 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာ ၁၇၁ ဧကပေါ်၌ တည်ဆောက်လျက်ရှိသော ပြည်သူ့အငှားအိမ်ရာစီမံကိန်းပထမအဆင့်အပိုင်း တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။ အဆိုပါ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို နိုင်ငံတော်အစိုးရဘဏ္ဍာငွေဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်(MCEF)က အဆောက်အအုံ ၉၇ လုံးနှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA)က အဆောက်အအုံ ၉၇ လုံးဖြင့် စုစုပေါင်း အဆောက်အအုံ ၁၉၄ လုံးကို ဆောက်လုပ်နေခြင်းဖြစ်ပြီး အဆင့်မြင့်အိမ်ခန်းပေါင်း ၃၁၀၄ ခန်းပါဝင် မည်ဖြစ်ကြောင်း သိရသည်။ ယင်းကို တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမဝယ်ယူနိုင်သေးသည့် ဝင်ငွေနည်းပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့် ဝန်ထမ်းများ၊ ဝင်ငွေနည်း ကုမ္ပဏီဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊လက်ရှိတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်(MCEF)က တာဝန်ယူထားသည့် အဆောက်အအုံ ၉၇ လုံး အနက် ၂၇ လုံးကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို အပ်နှံပြီးဖြစ်ကြောင်း၊ကျန်အဆောက်အအုံများကိုလည်း ဆက်လက် တည်ဆောက်နေကြောင်း၊စီမံကိန်းအတွင်းလမ်း၊ အုတ်ရေမြောင်း၊ Box Culvert နှင့် ရေသန့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၉၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အိမ်ရာစီမံကိန်း ပြီးစီးပါကရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကော်မတီ(YRTC)အနေဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊လျှပ်စစ်လုပ်ငန်းအတွက် ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ymg/mt #Yangon_Media_Group '