#LocalNews Published_ 12 March 2023 ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) များကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဆီဘောက်ဆာယာဉ်ဖြင့် အိုက်စ်(မက်သ်အဖက်တမင်း)များ ကို သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသောကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် စောင့်ဆိုင်းရှာဖွေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးများကို သိန်းဝင်းဆွေ(ခ)မဲကြီး မောင်းနှင်ကာ ကျော်ခိုင်ထွေး လိုက်ပါလာသည့်သတင်းရရှိထားသော ဆီဘောက်ဆာရှစ်ဘီးယာဉ်၏ ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုဘုန်း (ခ) ဘုန်းနိုင်ဝင်းအား မတ်လ ၅ ရက်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၂)၊ နေအိမ်၌ FORD ယာဉ် ၁ စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။ ဖမ်းဆီးရမိခဲ့သည့် အိုက်စ် (မက်သ်အဖက်တမင်း)များမှာ လက်ဖက်ခြောက်အိတ်ခွံအမျိုးမျိုးဖြင့် ထုပ်ပိုးထားခြင်း၊ လက်ဖက်ခြောက်အိတ်ထုပ်ပိုးခွံ အမှတ်တံဆိပ်အသစ်ဖြင့် ထုပ်ပိုးထားခြင်းများပြုလုပ်ထား ကြောင်း၊၎င်း အိုက်စ်(မက်သ်အဖက်တမင်း)များမှာ ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ်ဆောင်မည့် အိုက်စ်(မက်သ်အဖက်တမင်း)များဖြစ်ကြောင်း၊ယခုအခါ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ymg/mt #Yangon_Media_Group