#Local_News
Published _18 February 2023
တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး အတွင်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ်ပိုင်းက ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများမှာ ဒေသခံများဖြစ်ပြီး ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် ပုံမှန်သွားလာနေစဉ် နှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ရကာရိုက်နှက်ခံခဲ့ရသေးကြောင်း၊ ယင်းအပြင် ၎င်းတို့ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း၊ ငွေနှင့် ပစ္စည်းများကို သိမ်းဆည်းခံခဲ့ရကာ ကဒဲကျေးရွာရှိ နေအိမ်အတွင်း၌ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ရကာ နစက ဆန့်ကျင်သူ ၁၀ ဦးခန့်က နေအိမ်အပြင်မှ သော့ခတ်၍ စောင့်ကြည့်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ရှေ့တွင် ယခင် ဖမ်းဆီးခံရသူ ၃ ဦးခန့်အား လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရှိရပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း အဖမ်းခံထားခဲ့ရသူများက ထွက်ဆိုချက်ကို နစက သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကြောင့် အပြစ်မဲ့အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြပ်ကိုင်ခြိမ်းခြောက် ချုပ်နှောင်ခြင်းများမှာ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု (Counterterrorism Action)ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group