#Local _News
Published _ 7 December 2022

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၇ ရက် မွန်းတည့်ပိုင်းက ကလေးငယ်၂ဦးနှင့် လူကြီး ၃ဦး ချောကလပ်လုံးများစားပြီး အစာအဆိပ်သင့်ကာ မူးဝေအော့အန်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေပါလျှံ (၁)ရပ်ကွက်၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းအနီးရှိ အိမ်ခန်းအဌားတစ်ခုတွင် ကလေးငယ် ၂ ဦးနှင့်လူကြီး ၃ ဦးတို့သည် ချောကလက်အလုံးများအား စားခဲ့ကြသည်။

 

အဆိုပါ ချောကလက်အလုံးများစားပြီးနောက် မောင်ထူးမြတ်ဝေ(၂ နှစ် ၄ လ)၊ မနန်းသဇင်မိုး(၁ နှစ် ၄ လ)၊ မသီတာသိမ့်(၂၉)နှစ်၊ မယမင်း(၂၁) နှစ်နှင့်မောင်အောင်ကျော်လင်း(၁၇)နှစ်တို့ဟာ မူးဝေအော့အန်မှုများဖြစ်ပေါ်ခဲ့သည်။

 

အသင်းသို့ လှမ်းအကြောင်းကြားသည်နှင့်တပြိုင်နက် ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ လူနာတင်ကားများဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

"ဖုန်းဆက်အကူအညီတောင်းတာကြောင့် ချက်ခြင်းသွားပြီး ကူညီပေးခဲ့ပါတယ်။ တစ်ယောက်ကို ချောကလပ် ၂လုံးစီစားမိပြီးတာနဲ့ မူးဝေအော့အန်တာတွေဖြစ်တယ်လို့ သိရပါတယ်။ ရောက်သွားတော့ စားမိတဲ့ချောကလပ်တွေကို ကျွန်တော်တို့ကိုပြပါတယ်။ စုစုပေါင်း ကလေး ၂ယောက်နဲ့ လူကြီး ၃ ယောက်စားမိတာပါ။ ဆေးရုံကိုချက်ချင်းပို့ပေးပြီး ဆရာဝန်တွေကို သူတို့စားမိတဲ့ ချောကလပ်တွေလဲ ပြလိုက်ပါတယ်။

 

ဆရာဝန်တွေကုသစစ်ဆေးပေးနေပါတယ် အသက်ထိခိုက်လောက်တဲ့ထိ မစိုးရိမ်ရပါဘူး"ဟု ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းဝင်တစ်ဦးက YMG ကို ပြောခဲ့သည်။

#Ymg/NN
#Yangon_Media_Group