#Local_News
Published _ 14 November 2022

 

ရန်ကုန်အခြေစိုက် တရုတ်ပိုင် ဆန်ကုမ္ပဏီကြီးတစ်ခုမှ ဆန်ကုန်သည်အချို့ကို ငွေကြေးများစွာလိမ်လည်ပြီး ထွက်ပြေးသွားခဲ့ကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင် ဥက္ကဌ ဦးမင်းသိန်းထံမှ သိရသည်။

 

အဆိုပါ တရုတ်ပိုင် ဆန်ကုမ္ပဏီဟာ ယခင်ကထဲက ဆန်အရောင်းအဝယ်တွေပြုလုပ်နေခဲ့သည့် ကုမဏီတစ်ခုဖြစ်ကြောင်း ဦးမင်းသိန်းက YMG ယခုလို ပြောပြခဲ့သည်။

 

"ရန်ကုန် သာဓုကန်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကထဲက ဆန်စက်တည်ထောင်ပြီး မြေတွေငှား ဂိုဒေါင်တွေငှားပြီး ဆန်တင်ပို့နေတာ။ ကုမ္ပဏီက လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄နှစ်လောက်က စလုပ်နေတာ ဆန်တွေဝယ် တရုတ်ကိုတင်ပို့ အဲ့လိုတွေလုပ်တာ။ ဒါပေမယ့် ပြီးခဲ့တဲ့ သုံးလေးရက်ထဲက ပျောက်သွားပြီးတော့ ဆန်ကုန်သည်တွေ တော်တော်များများဆီက လိမ်ပြီးထွက်ပြေးသွားတာ ဘယ်လောက်ပါသွားလဲဆိုတာတော့ သေချာမသိဘူး" ဟု ဦးမင်းသိန်းက ဆိုသည်။

 

အဆိုပါ ဆန်ကုမ္ပဏီက မူဆယ်၊ ရန်ကုန်၊ မန္တလေးစသည့် နေရာများမှ ဆန်ကုန်သည်များဆီတွင် ဆန်များဝယ်ယူပြီး ငွေကြေးမရှင်းပေးဘဲ လိမ်လည် ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

 

ဆန်စပါးရောင်းဝယ်သည့်ငွေကြေး လိမ်လည်ခံရတဲ့ပမာဏများဟာ အများအပြားရှိနေကြောင်း သိရသော်လည်း သက်ဆိုင်ရာ အသင်းအဖွဲ့နှင့်ဌာနများထံ လာရောက်တိုင်ကြားခြင်းတွေမရှိသေးသည့်အတွက် ပမာဏအတိအကျအား စိစစ်အတည်မပြုနိုင်သေးကြောင်း ဆန်ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။

 

#ymg/NN
#Yangon_Media_Group