#Local_News
Published_ 11 October 2022

 

အောက်တိုဘာလ(၁၁)၊(၁၂)၊(၁၃)ရက်များတွင် အရှေ့ဘက်လေပွေလှိုင်းများလာရန်ရှိသောကြောင့် မိုးပြန်များရန်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊

 

အရှေ့ဘက်ကလာမည့် လေပွေလှိုင်းများကြောင့် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးပြန်များမည်ဖြစ်သည်၊၊

 

"အောက်တိုဘာလ(၁၁)၊(၁၂)၊(၁၃)ရက်တွေမှာ အရှေ့ဘက် လေပွေလှိုင်းများလာရန်ရှိတဲ့အတွက် မိုးပြန်များဖို့ရှိတယ်၊၊ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမိုးများဖို့ရှိပါတယ်၊၊ အောက်တိုဘာလ ၁၇၊၁၈ရက်မှာ ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းတွေဖြစ်ပေါ်လာနိုင်တယ်၊၊ အောက်တိုဘာလထဲမှာတော့ မိုးများတာ၊မုန်တိုင်းဖြစ်နိုင်တာတွေရှိတယ်၊၊ မိုးကြိုးပစ်တာတွေလည်း များနိုင်တဲ့အတွက်အထူးသတိထားဖို့လိုတယ်"ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းကYMG ကို ပြောသည်၊၊

 

အောက်တိုဘာ(၁၁)ရက်မှ(၂၀)ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်လာနိုင်ပြီး အားကောင်းပါက မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း အောက်တိုဘာလဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်၊၊

 

မိုးရွာသွန်းမှု အခြေအနေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group