#LocalNews
Published_9 October 2022


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောက်တိုဘာ ပထမပတ်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ ၁၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၄၄၂၅၃၅ ဖမ်းမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် လိုင်စင်ခွင့်ပြုချက်မရမီ ရက် ၆၀ ကျော်လွန်သည့် ဆက်သွယ် ရေးပစ္စည်းများ၊ CCTV Camera နှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၅၅၀၀) ကိုလည်းကောင်း၊ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဖိနပ်အစုံ ၁၆၅၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၄၀၀၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၈၀၄၇၅) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၁၂၅၉၇၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အ‌ရေးယူဆောင်ရွက်ထားသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် ရွှေဘိုမြို့နယ်အတွင်း Kenbo 125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကိုလည်းကောင်း၊ အောက်တိုဘာ ၆ ရက်တွင် စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Toyota Mark II အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပိုကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

 

ယင်းအပြင် အောက်တိုဘာ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပန်တိုင်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသော ခိုင်းနွားနှင့် နိုစားနွား ၁၆ ကောင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း၊ မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၈၆၅၆၀)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ် တစ်စီးနှင့် Scania အမျိုးအစား Tractor Head တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၀၈၆၅၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ထပ်မံ၍ အောက်တိုဘာ ၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လိမ္မော်သီး ၅၁ ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group