Published 7 Oct 2022

မြန်မာနိုင်ငံရဲ့ ရန်ကုန်၊ပုသိမ်၊စစ်တွေ၊မော်လမြိုင်စတဲ့ ပင်လယ်ဆိပ်ကမ်းတွေကနေ ဆန်ကိုပြည်ပသို့ တင်ပို့ရေး ဆောင်ရွက်ကြဖို့နှင့် အဲသလိုဆောင်ရွက်ခြင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အောက်တိုဘာ(၇)ရက် နေ့က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လစဉ်ပုံမှန်အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဆန်ဟာမြန်မာနိုင်ငံရဲ့အဓိကထုတ်ကုန်ဖြစ်ပြီး ဆန်ကောင်းစွာ ထုတ်လုပ်နိုင်တဲ့အတွက်Food Security အတွက် နိုင်ငံ၏ဂုဏ်သိက္ခာတစ်ခုပင် ဖြစ်ပါတယ်။ နိုင်ငံတကာသို့ ဆန်များ ပေါများစွာ တင်ပို့နိုင်မည်ဆိုပါက လူအများ၏စားရေး Food Security ကိုတာဝန်ယူ နိုင်သည့် အခန်းကဏ္ဍတွင် ပါဝင်မှာဖြစ်ပါတယ်” လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊

MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ကုန်ကြမ်းပြတ်လပ်မှု နည်းပါးမည်ဖြစ်ပြီး ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများတွင် ကုန်ကြမ်းသာမက လျှပ်စစ် စွမ်းအင်နှင့် Energy စွမ်းအားများလည်း လိုအပ်ကြောင်းလည်း ယင်းကဆိုသည်။

MSME ဆောင်ရွက်နေသူများခိုင်မာသည့် လုပ်ငန်းများ ရှိချိန်တွင် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေး ငွေတွင် ဖွံ့ဖြိုးရေးချေးငွေနှင့် စီးပွားရေးချေးငွေဟူ၍ နှစ်မျိုးရှိပြီး သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင် နိုင်ငံတော်မှချေးယူခဲ့သည့် ရင်းနှီးမြှုပ်နှံငွေများ ပြန်လည်ပေးဆပ်ရန်အတွက် အချိန် အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ပေးထားသော်လည်း အချိန်တစ်ခုတွင် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့စီးပွားတိုးတက်မှုများ တုန့်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ကာ  မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အနုတ်လက္ခဏာ ပြနေသည်ဟု ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ပြောကြားခဲ့ကြကြောင်း၊ နိုင်ငံစီးပွားရေးကျဆင်းသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ အမြဲမပြတ်ထုတ်လုပ်၍ ပြည်ပသို့ပို့ကုန်များ တင်ပို့နိုင်ခြင်း ကြောင့် စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ကျဆင်းသွားခြင်းမရှိခဲ့တာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ymg/mt

Yangon_Media_Group