#Local_News
Published_ 30 September 2022

 

ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများအနေဖြင့်ဆီမီးထွန်းလှူပူဇော်နိုင်ရန် ဆီမီးထွန်းလှူပူဇော်နိုင်မည့်နေရာများစီစဉ်ဆောင်ရွက်ပေးထားကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းထံမှ သိရသည်၊၊

 

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပ ပြုလုပ်မည်ဖြစ်ပြီး သီးခြားဆီမီးထွန်းလှူပူဇော်မည့် အစီအစဥများ မရှိသော်လည်း အများပြည်သူအနေဖြင့် လာရောက်ထွန်းလှူပူဇော်နိုင်ကြောင်း သိရသည်၊၊

 

အောက်တိုဘာလ(၈)ရက် အဖိတ်နေ့ညနှင့် အောက်တိုဘာလ(၉)ရက်သီတင်းကျွတ်လပြည့်နေ့ညများတွင် အများပြည်သူများအနေဖြင့်ရွှေတိဂုံစေတီတော်ကြီးရှိ ဆီမီးခုံများနှင့်ဘေးတန်ဆောင်း၌ ဆီမီးထွန်းလှူပူဇော်နိုင်မည်ဖြစ်သည်ဟု ဆိုသည်၊၊

 

"သီတင်းကျွတ်မှာတော့ ကျွန်တော်တို့ဂေါပကအဖွဲ့ အနေနဲ့ အဖိတ်နေ့မှာ ညနေ(၅)နာရီမှာ ရုပ်ပွားတော်တွေနဲ့ မီးစေတီတော်တွေပြုလုပ်ပြီး လှည့်လည်ဖို့ရှိပါတယ်၊၊ လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာမနက်(၅)နာရီခွဲမှာ အသင်းအဖွဲတွေနဲ့ ရွှေတိဂုံစေတီ တော်ကြီးကိုမနက်အာရုဏ်ဆွမ်းတော်ကြီးကပ်လှူသွားဖို့ရှိပါတယ်၊၊ မနက်(၉)နာရီခွဲမှာ ဝါတွင်းသီလခံယူပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲအခမ်းအနားပြုလုပ်သွားမှာဖြစ်ပါတယ်၊၊ ရွှေတိဂုံသြဝါဒစရိယဆရာတော်တွေ ကိုယ်တိုင်ကြွရောက်ကြမှာ ဖြစ်ပါတယ်၊၊ အဲဒီ့နောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှာဖြစ်ပါတယ်၊၊ အများပြည်သူအနေနဲ့ ဘုရားဖွင့်ချိန်မနက်(၅)နာရီကနေည(၈)နာရီအတွင်း လာရောက်ဖူးမြော်နိုင်ပါတယ်၊၊အများပြည်သူတွေ အနေနဲ့ ရွှေတိဂုံစေတီတော်ကြီးဘေးပတ်ပတ်လည်က ဆီမီးခုံတွေနဲ့ဘေးတန်ဆောင်းမှာထွန်းလှူနိုင်မှာ ဖြစ်ပါတယ်၊၊ ဆီမီးထွန်းလှူပူဇော်နိုင်အောင်စီစဉ်ပေးထားပါတယ်၊၊ ဘုရားကြီးအစီအစဉ်နဲ့ ဆီမီးထွန်းလှူမယ့်အစီအစဉ်တော့မရှိပါဘူး၊၊ ဘုရားဖူးကုသိုလ်ပြုလိုသူတွေအနေနဲ့ သူ့ဘာသာသူတော့ လာထွန်းကြတာရှိပါတယ် "ဟုပြော သည်၊၊

 

ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနားကို ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်းရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group