#Local_News
Published_ 29 September 2022

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်မှ ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့ ၂၀၂၃ ခုနှစ် မေ ၃ ရက်အထိ (၇) လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဗုဒ္ဓပူဇနိယပွဲတော်ကာလတစ်လျှောက် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ဘုရားလာရောက်ဖူးမြော်သူများ အခမဲ့တည်းခိုနိုင်ရန် ပြည့်စုံ ဓမ္မာရုံနှင့် ဆီမီး(၉၀၀၀) ဓမ္မာရုံတိုအား စီစဉ်ထားရှိပြီး၊ အခပေးတည်းခိုနိုင်တဲ့ ဟိုတယ်များ၊ တည်းခိုဆောင်များလည်း ရှိကြောင်း သိရပါတယ်။

 

ထို့ပြင် ကင်မွန်းစခန်းတောင်ခြေတွင် သန့်ရှင်းသည့် ထမင်းဆိုင်များနှင့် အမှတ်တရ ပစ္စည်းဆိုင်များ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ရင်ပြင်တော်တွင် ဘုရားဖူးများ အဆင်ပြေစွာစားသောက်နိုင်ရန် ထမင်းဆိုင်များ အမှတ်တရပစ္စည်းဆိုင်များကို ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်၍ ကျန်းမာရေးနှင့် ညီညွတ်သည့်ဆိုင်များ ဖြစ်စေရန် ကြိုတင်ပြင်ဆင်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ၂၀၁၉-၂၀၂၀ ကာလတွင် ရောဂါပိုးပြန့်နှံ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပနိုင်ခြင်းမရှိ၍ တောင်တော်အား ပိတ်ထားခဲ့ရပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဘုရားပွဲတော်အား ကျင်းပခဲ့ရာ လာရောက်ဖူးမြော်သူ (၄) သိန်းကျော်ခန့်ရှိခဲ့ပါတယ်။

 

ယခုနှစ်ဘုရားပွဲတော် ကျင်းပရာတွင် ဘုရားလာရောက်ဖူးမြော်သူများအား ကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာနိုင်ရန် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ စစ်ဆေးပြီးမှသာ ဘုရားရင်ပြင် တော်သို တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်ပါက ရင်ပြင်တော်တွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးဌာန(ခွဲ)မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group