#Local_News
Published_ 29 September 2022

 

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေး သွားရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါတယ်။

 

အဆိုပါ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

ဆက်လက်၍ ဝန်ကြီးက အထူးစီးပွားရေးဇုန်များ တိုးတက်ရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းများ ချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်ရေး၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ရေး ပြောကြားခဲ့ပါတယ်။

 

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အထူးစီး ပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအား အသေးစိတ် တင်ပြဆွေးနွေးခဲ့ကြပါတယ်။

 

အဆိုပါအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

 

#ygm_mnn
#Yangon_Media_Group