#Local_News
Published _27 September 2022

 

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားမဲတောင် သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ကို အဆင့်မြှင့်တင်မှု ပြီးစီးပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ ဘားမဲတောင်သဘာဝဥယျာဉ်မှာ မြေဧရိယာ (၁၇) ဧက ခန့်အကျယ်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ ဆွဲဆောင်ရာနေရာဒေသ ဖြစ်သောကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေကျပ် (၈၁၆ ဒသမ ၅၁)သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၇) ရက်တွင် ဖွင့်ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပြီးနောက် အဆင့်မြှင့်တင်ရန် ကျန်ရှိနေသေးသော လုပ်ငန်းများဖြစ်သည့် မူလအကျယ် (၁၆) ပေရှိ လမ်းကို (၂၄) ပေ ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်း၊ ရိုးရာစားသောက်ဆိုင် ဆောက်လုပ်ခြင်း၊ ကျန်းမာရေး အားကစားပစ္စည်းများ တပ်ဆင်ခြင်း၊ ဘားမဲတောင်ဂိတ် (၃) ကားပါကင်ပြုလုပ်ခြင်း၊ ဒေသထွက်ပစ္စည်းဆိုင် ဆောက်လုပ်ခြင်းနဲ့ အများသုံး သန့်စင်ခန်းဆောက်လုပ်ခြင်းလုပ်ငန်း အပါအဝင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စုစုပေါင်း ၃၁ ခု ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ မှတ်တမ်းများအရ သိရသည်။

 

အဆိုပါ သဘာဝဥယျာဉ်တွင် သဘာဝပေါက်ပင် သစ်မျိုးအရေအတွက် (၇၈)မျိုး၊ အပင်အရေအတွက် (၁၅၅၇)ပင် ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှု ရှိသော အပန်းလည်းပြေ ဗဟုသုတလည်း ဖြန့်ဝေပေးသော အထင်ကရနေရာတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#ymg/mt
#Yangon_Media_Group