#Local_News
Published_ 26 September 2022

 

သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လျာထားကာလမှာ ၁၀ နှစ်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှု အခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နေ့လယ် (၂) နာရီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်း သုတေသန ပြတိုက်တွင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

၂၀၁၆ ခုနှစ်၊ သြဂုတ်(၂၄)ရက်ကလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာချွန်လွှာကို တရုတ်နိုင်ငံနှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်နေ့မှသာ သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေး စီမံကိန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီးပြုပြင် ထိန်းသိမ်းရန်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

တရုတ်ပညာရှင်အဖွဲ့က သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ကြွရောက်လာသော ဆရာတော်ကြီးများမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ မြို့နယ်သံဃနာယကဆရာတော်၊ သဗ္ဗညု ဩဝါဒ ဆရာတော်တို့က ဩဝါဒစကားများ အသီးသီးမိန့်ကြားခဲ့ကြောင်း သိရပါတယ်။

 

#ygm_mnn
#Yangon_Media_Group